လက်ပံတောင်းတောင်နှင့်ချင်းတွင်းအလှ သဘာဝကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲ ကျင်းပ
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လက်ပံတောင်းတောင်နဲ့ ချင်းတွင်းအလှ သဘာ၀ ကာကွယ် ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်ကို စုပေါင်းလက်မှတ်ထိုး တင်ပြတောင်းဆိုမယ့် လှုပ်ရှားမှုတစ်ခုကိုလည်း အဲဒီအခမ်းအနားမှာ တပြိုင်နက်တည်း ကျင်းပခဲ့ပါတယ်။
-
2012-09-30 -
-
-
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် ထားရှိတဲ့ ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို လွှတ်တော်ထဲရောက်အောင် ၈၈ မျိုးဆက် ကျောင်းသားတွေက ကူညီဆောင်ရွက်ပေးမယ်လို့ အဲဒီအခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားသွားပါတယ်။
ဒီကနေ့ အခမ်းအနားကို လက်ပံတောင်းတောင်ဒေသ ဝက်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်း၊ ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ စီမံကိန်း အင်ဂျင်နီယာ ဦးအောင်ကျော်ဇံ စတဲ့ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ ဖြစ်တဲ့ ဦးဝင်းမျိုးသူ၊ ဒေါ်ဒေဝီသန့်ဇင် စတဲ့ပုဂ္ဂိုလ်တွေက ကြေးနီစီမံကိန်းကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်ဆီးနေမှုတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်ပေါ်လာမယ့် ဘေးဒုက္ခ အန္တရာယ်တွေကို ဟောပြော ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအခမ်းအနားကို လူ ၁,၀၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး တက်ရောက်သူအားလုံးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် စုပေါင်း လက်မှတ်ထိုးခဲ့ကြပါတယ်။