မြန်မာ့ကျောက်မျက်တွေမရောင်းဖို့ ဗြိတိန်ကုမ္ပဏီတွေကို Burma Campaign-UK တောင်းဆို

မြန်မာစစ်တပ်အတွက် ဝင်ငွေရှာပေးနေတဲ့ ကျောက်မျက်တွေမရောင်းချဖို့ ဗြိတိန်က ကျောက်မျက်ရတနာကုမ္ပဏီ ၄၀ ကို Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။

နေပြည်တော်တွင် ကျင်းပသည့် ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်လာသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂ဝ၂၁ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။ Myanmar Military

ဗြိတိန်အခြေစိုက် ရတနာကုမ္ပဏီတွေအနေနဲ့ သူတို့ ရောင်းချနေတဲ့ ကျောက်မျက်ရတနာ ပစ္စည်းတွေဟာ မြန်မာ စစ်တပ်အတွက် ဝင်ငွေရှာပေးနေတဲ့ မြန်မာနိုင်ငံထွက် ကျောက်မျက်တွေ မဟုတ်ကြောင်း သက်သေပြဖို့ ဗြိတိန်နိုင်ငံက အကြီးဆုံး ကျောက်မျက် ရတနာကုမ္ပဏီ ၄၀ ဆီကို စာရေးသား တောင်းဆိုလိုက်တယ်လို့ Burma Campaign UK အဖွဲ့က မေလ ၃၀ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၂ ဘီလီယံလောက် ဝင်ငွေရှိနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာလုပ်ငန်းကို မြန်မာစစ်တပ်က ထိန်းချုပ်ထားတယ်လို့ Burma Campaign UK ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ တပ်ပိုင်ကုမ္ပဏီတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ၊ အစိုးရဝန်ကြီးဌာနတွေ အပြင် စစ်တပ် ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကတစ်ဆင့် တရားဝင် နဲ့ တရားမဝင် ကျောက်မျက်ရတနာ ရောင်းချမှုတွေကို ထိန်းချုပ်ထားပြီး ကျောက်မျက်လုပ်ငန်းကနေ ပုံစံအမျိုးမျိုးနဲ့ ဝင်ငွေရနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီကျောက်မျက်လုပ်ငန်းကနေ ရတဲ့ဝင်ငွေတွေနဲ့ မြန်မာစစ်တပ်ဟာ စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘယ်နိုင်ငံကနေ ဝယ်ယူတယ်ဆိုတာ ထုတ်ပြန်စရာမလိုတဲ့ ပတ္တမြားလို ကျောက်မျက် ရတနာတွေဟာ မြန်မာနိုင်ငံက လာတာဖြစ်နိုင်ပြီး အဲဒီရတနာတွေကို ရောင်းရငွေဟာ မြန်မာစစ်တပ်အတွက် ဝင်ငွေရှာပေးနေတာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

ဒါကြောင့် ဒီလို မဖြစ်ရအောင် အသိပေးတဲ့အနေနဲ့ အခုလို စာရေးသား တောင်းဆိုခဲ့တာလို့ Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး မာ့ခ် ဖာမနာက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org