ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းရေး တောင်းဆိုခဲ့တဲ့ လူငယ် ငါးဦး အဖမ်းခံ

ဖမ်းဝရမ်းထုတ်ခံရပြီး နေအိမ်တွေကနေ ရှောင်ပုန်းနေတဲ့ ကရင်နီလူငယ် ငါးဦးဟာ ဒီနေ့မှာ အဖမ်းခံခဲ့ပါတယ်။

ဖမ်းဝရမ်းထုတ်ခံရတဲ့ ကရင်နီလူငယ် ငါးဦးကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဉ် Photo: Karenni National Youth Organization - KNYO

ဖမ်းဝရမ်းထုတ်ခံရပြီး နေအိမ်တွေကနေ ရှောင်ပုန်းနေတဲ့ ကရင်နီလူငယ် ငါးဦးဟာ ဒီနေ့မှာ အဖမ်းခံခဲ့ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာကျင်းပတဲ့ ၁၄၄ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို တက်ရောက်လာပြီး အဖမ်းခံခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး တို့ကိုနိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေအဖြစ် ထုတ်ပြန်ခဲ့တဲ့ ကရင်နီလူငယ် ခြောက်ဦးကို ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု ဥပဒေ ပုဒ်မ ၁၀ နဲ့ အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ခံ ထားတာဖြစ်ပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရသူတွေထဲက ခူးကြူးဖဲကေးကိုတော့ ဇွန်လ သုံးရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ကျန်တဲ့ ငါးဦးဟာ ဒီနေ့မှာ အဖမ်းခံခဲ့တာဖြစ်ပါတယ်။

ကရင်နီလူငယ်တွေက အဖမ်းမခံခင်မှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး ကရင်နီပြည်သူတွေ အနေနဲ့ နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ NLD ကို လုံးဝမဲမပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ကရင်နီလူငယ်တွေဖြစ်တဲ့ ကိုခူကြူးဖဲကေး(ခ)ဂူးဂူး၊ ကိုဂျွန်ပေါ(ခ)ပျားလေး၊ ကိုမျိုးလှိုင်ဝင်း (ခ)ပါစကွားလယ်၊ ကိုခွန်သောမတ်စ်၊ ကိုဒီးဒီ(ခ)စစ်မုန်း၊ ကိုခူးရီဒူး(ခ)ခူးရီးရယ်တို့ဟာ လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်တု မထားရှိရေး ဦးဆောင်လှုပ်ရှားခဲ့သူတွေ ဖြစ်ပါတယ်။

ကရင်နီလူငယ်တွေရဲ့ တောင်းဆိုချက်တွေကို လိုက်နာဆောင်ရွက်ပေးခြင်းမရှိတာကြောင့် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးတို့ကို ကရင်နီအမျိုးသား သစ္စာဖောက်တွေအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ရာမှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org