ဟားခါးမှာ ဗိုလ်ချုပ်နဲ့ ချင်းခေါင်းဆောင် သုံးဦး ရုပ်တု အတူထားရှိမည်

ချင်းပြည်နယ်မှာ ဗိုလ်ချုပ်ရုပ်တုနဲ့အတူ ချင်းတိုင်းရင်းသားခေါင်းဆောင် သုံးယောက်ရဲ့ ရုပ်တုတွေကိုပါ စိုက်ထူသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ် ကို ၂ဝ၁၉၊ ဖေဖော်ဝါရီ ၂ ရက်နေ့ တွေ့ရစဉ် Photo: Thiha Tun/ RFA

ချင်းပြည်နယ်မှာ ဗိုလ်ချုပ်ရုပ်တုနဲ့အတူ ချင်းတိုင်းရင်းသားခေါင်းဆောင် သုံးယောက်ရဲ့ရုပ်တုတွေကိုပါ စိုက်ထူသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နဲ့အတူ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့တဲ့ ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ဟားခါးမြို့က ပူကီယိုမန်း၊ တီးတိန်မြို့က ပူထောင်ဇာခုပ်၊ ဖလမ်းမြို့က ပူလှူရ်မှုန် စတဲ့ ခေါင်းဆောင်တွေရဲ့ ရုပ်တုကိုပါ စိုက်ထူပေးမှာလို့ ဝန်ကြီး ဦးစိုးထက်က ဆိုပါတယ်။

ဟားခါးမြို့ View Point မှာ ပန်းခြံတစ်ခုနဲ့အတူ ကလေးကစားကွင်းပါ တည်ဆောက်သွားမှာဖြစ်ကြောင်း၊ အဲဒီပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနဲ့အတူ ချင်းတိုင်းရင်းသား ခေါင်းဆောင် သုံးယောက်ရဲ့ ရုပ်တုကိုပါ စိုက်ထူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကတော့ ပြီးခဲ့တဲ့ တစ်လကျော်လောက်ကတည်းက ချင်းပြည်နယ် ဟားခါးကို ရောက်ရှိနေပြီး လွှတ်တော်ထဲမှာ ယာယီထားရှိပါတယ်။

ပန်းခြံနဲ့ ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေ ရုပ်တုဆောက်လုပ်ဖို့ အတွက်ကတော့ အချိန်တစ်နှစ်လောက် ကြာဦးမယ်လို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ဗိုလ်ချုပ်ရုပ်တုဟာ ၁၉၉၂ ခုနှစ်ကတည်းက ဟားခါးမြို့ရဲ့ အရင်စည်ပင်ပန်းခြံမှာ ရှိခဲ့ဖူးပါတယ်။ အဲဒီပန်းခြံနေရာကို လွှတ်တော်ရုံးဆောက်လိုက်တာပါ။ အဲဒီ စည်ပင်ပန်းခြံဟောင်း ဖြိုဖျက်စဉ်က ဗိုလ်ချုပ်ရုပ်တု ပျက်စီးသွားတဲ့အတွက် အခုပြန်ပြီး ကြေးရုပ်အနေနဲ့ ထားရှိဖို့ စီစဉ်ခဲ့ရာမှာ ကန့်ကွက်မှုတွေ ရှိနေတာပါ။

၂၀၁၈ ခုနှစ်ကလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ ကြိုးစားခဲ့ပေမယ့် ကန့်ကွက်မှုတွေ ရှိတဲ့အတွက် အစီအစဉ် မအောင်မြင်ခဲ့ပါဘူး။

NLD အစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူတဲ့ကိစ္စနဲ့ ပတ်သက်လို့ မွန်ပြည်နယ် မုဒုံ၊ ကယားပြည်နယ် လွိုင်ကော်နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားတို့မှာ တိုင်းရင်းသားတွေ ကန့်ကွက်နေတဲ့ကြားကပဲ စိုက်ထူခဲ့ပြီးဖြစ်ပါတယ်။ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကတော့ မြို့ကြီးတွေမှာ ဗိုလ်ချုပ်ရုပ်တုတွေ ထားရှိတဲ့ကိစ္စဟာ ပါတီရဲ့မူဝါဒမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

လွိုင်ကော်မြို့မှာ ထားရှိမယ့် ကြေးရုပ်ကိစ္စမှာဆိုရင် ဒေသခံတွေနဲ့ အစိုးရကြား မပြေလည်မှုတွေ ပြင်းထန်ခဲ့ပြီး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က တိုက်ခိုက်ဖြိုခွဲခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ကြေးရုပ်ထားရှိမယ့်ကိစ္စအပြင် မွန်ပြည်နယ်မှာ မော်လမြိုင်နဲ့ ချောင်းဆုံကို ဆက်သွယ်ထားတဲ့ တံတားကို ဗိုလ်ချုပ် အမည်ပေးခဲ့တဲ့ကိစ္စမှာလည်း ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး နာမည်ပေး ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org