ကရင်ပြည်နယ် ရုံးများ ကျောင်းများမှာ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ ချိတ်မည်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓါတ်ပုံကို ကရင်ပြည်နယ်က အစိုးရဌာနဆိုင်ရာတွေနဲ့ စာသင်ကျောင်းတွေမှာ ချိတ်ဆွဲဖို့ ကရင်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေပါတယ်။
-
2016-07-25 -
-
-
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဓါတ်ပုံကို ကရင်ပြည်နယ်က အစိုးရဌာနဆိုင်ရာတွေနဲ့ စာသင်ကျောင်းတွေမှာ ချိတ်ဆွဲဖို့ ကရင်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေပါတယ်။
ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြပြီး စီစဉ်နေတယ်လို့ မြဝတီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က ပြောပါတယ်။
"ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြန်တင်ပြမယ်၊ တင်ပြပြီးတာနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကနေပြီးတော့ ဒါခွင့်ပြုပြီဆိုတာနဲ့ ကျနော်တို့ ကရင်ပြည်နယ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါတ်ပုံတွေကို ချိတ်ဆွဲလို့ရမှာပေါ့နော်၊ လက်ရှိကတော့ ကျနော်တို့အဆိုကလည်း အောင်မြင်သွားတဲ့ အတွက်ကြောင့်မို့ လက်ရှိပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်ပြည်နယ်လွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို အစိုးရဌာန ဆိုင်ရာတွေနဲ့ စာသင်ခန်းတွေမှာ ချိတ်ဆွဲဖို့ အဆိုတင်သွင်းခဲ့ပြီး အဲ့ဒီအဆိုကို တပ်မတော်သားတွေ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်အားလုံးက ထောက်ခံခဲ့ကြတဲ့အတွက် အတည်ပြုလိုက်ပါတယ်။
ကရင်ပြည်နယ်က အစိုးရဌာနဆိုင်ရာတွေနဲ့ စာသင်ကျောင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို နှစ်ပေါင်း ၃၀ ကျော်အကြာမှာ ပထမဆုံး ပြန်လည်ချိတ်ဆွဲခွင့် ရမှာဖြစ်ပါတယ်။