ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူ ထုတ်ဝေရေးအဆို လွှတ်တော်မှာတင်သွင်း

၂၀၁၇ ခုနှစ်နောက်ပိုင်းထုတ်ဝေမယ့် ငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့သာ ရိုက်နှိပ် ထုတ်ဝေဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်ဝေထားတဲ့ ငွေစက္ကူတချို့ကို တွေ့ရစဉ် .

၂၀၁၇ ခုနှစ်နောက်ပိုင်းထုတ်ဝေမယ့် ငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့သာ ရိုက်နှိပ်ထုတ်ဝေ ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ပါတယ်။

အဆိုကို တင်သွင်းခဲ့တဲ့ မကွေတိုင်း၊ မြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက သူ့အဆိုအကြောင်းကို အခုလို  ပြောပါတယ်။

"ငွေစက္ကူဆိုတာ လူတိုင်းရဲ့လက်ထဲမှာ ကိုင်တွယ်သုံးစွဲနေတာဖြစ်လို့ နှစ်ကြာရှည်သုံးစွဲလာတဲ့အခါမှာ ဟောင်းနွမ်းခြင်း၊ စုတ်ပြဲခြင်း၊ ရေနစ်လို့ပျက်စီးခြင်း၊ မီးလောင်လို့ပြာဖြစ်ခြင်း စသည့်ပျက်စီးခြင်းအမျိုးမျိုးကြောင့် လျော့နည်းမှုရှိလာမှာကတော့ သေချာပါတယ်၊ အဲဒီလိုပျက်စီးလို့ လျော့နည်းသွားမှုများကို အစားထိုးသည့် အခါဖြစ်စေ၊ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ဦးကံမြင့် မေးခွန်းအပေါ်မှာဖြေကြားချက်အရ လုံခြုံရေးအဆင့်အတန်း တိုးမြှင့်ထုတ်ဝေသောအခါဖြစ်စေ၊ အရွယ်အစားအသစ်နဲ့ ထုတ်ဝေသောအခါဖြစ်စေ ရှေးအနာဂတ်ကို ထုတ်ဝေမည့်အခါတိုင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများနဲ့ ထုတ်ဝေသွားဖို့ဖြစ်ပါတယ်"

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ၂၀၀၉ခုနှစ်ကနေ ၂၀၁၅ခုနှစ်အတွင်း ငွေစက္ကူငါးကြိမ်ထုတ်ဝေ ခဲ့ပြီး နှစ်ရာကျပ်တန်ကနေ တသောင်းကျပ်တန်အထိ ပါဝင်တယ်လို့ အဆိုရှင်ကပြောပါတယ်။

အဲဒီအတွက် ၂၀၁၇ ခုနှစ်နောက်ပိုင်း ရိုက်နှိပ်ထုတ်ဝေမယ့်ငွေစက္ကူတွေကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေထဲက သင့်တော်တဲ့ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေဖို့ကိုလည်း အဆိုရှင်ကအကြံပြုပါတယ်။

အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။

အဲဒီလို ထောက်ခံဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်ဟာလည်း ပြီးခဲ့တဲ့၂၀၁၆ ခုနှစ်နိုဝင်ဘာလ က ငွေစက္ကူအားလုံးအတွက် ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ အသစ်ထုတ်ဝေ ပြောင်းလဲသုံးစွဲဖို့ ရှိ မရှိ လွှတ်တော် မှာ မေးခွန်းမေးခဲ့ဖူးပါတယ်။

အဲဒီတုန်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်တာဝန်ရှိသူ အဲဒီလိုအသစ်ထုတ်ဝေမယ်ဆိုရင် ကျပ်ဘီလီယံ ၁၀၀ ကနေ ၃၀၀ အထိ ကုန်ကျမယ်လို့ ဖြေကြားခဲ့ဖူးပါတယ်။

အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြုတဲ့အတွက် မကြာခင်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org