လေယာဥ်ဆီပို့ဆောင်မှု အာမခံပေးထားတဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်း

စစ်ကောင်စီကို လေယာဥ်ဆီပို့ဆောင်နေတဲ့ ဗြိတိန်အာမခံ ကုမ္ပဏီငါးခုကို နာမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ Burma Campaign UK က မေ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကို အရေးယူပေးဖို့နှင့် လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာများ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တောင်းဆိုဆန္ဒပြနေကြစဉ်။ RFA

မြန်မာစစ်ကောင်စီကို လေယာဥ်ဆီပို့ဆောင်နေတာတွေအတွက် လုပ်ငန်းအာမခံပေးထား တဲ့ ဗြိတိန်အာမခံ ကုမ္ပဏီ ငါးခုကို နာမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign UK က မေလ ၂၃ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကုမ္ပဏီတွေကတော့ UK P&I, Steamship Mutual, Britannia P&I, North Standard and Shipowners’ Club တို့ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကို လေယာဥ်ဆီပို့နေတဲ့ ယာဥ်တွေကို အကာအကွယ်နဲ့ နစ်နာကြေး အာမခံပေးထားတဲ့ ကုမ္ပဏီတွေပါ။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက မြန်မာတစ်နိုင်ငံလုံးကိုထိန်းချုပ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထား ပါတယ်။

အရပ်သားပြည်သူတွေတင်မက စာသင်ကျောင်းတွေ၊ ဆေးရုံတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်နေ တာဖြစ်ပြီး အဲဒီလိုတိုက်ခိုက်နိုင်ဖို့ လေယာဥ်ဆီပို့ပေးတဲ့ လုပ်ငန်းတွေကို အာမခံပေးတာဟာ လေယာဥ်ဆီ ထောက်ပံ့ရေးကွင်းဆက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ Burma Campaign UK.ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလအတွင်းမှာ စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကိုင်းတိုင်းထဲမှာ ကလေးငယ် ၄၀ အပါအဝင် အရပ်သားပြည်သူ ၁၇၀ ဝန်းကျင် သေဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org