နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၃ ယောက် ဘင်္ဂလားဒေ့ရှ်ကို ထပ်ရောက်

အရင်ရက်တွေက ရောက်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေပါအဝင် စုစုပေါင်း ၃၃၇ ယောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြသည့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့က တွေ့ရစဉ်။ AFP

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေဖြစ်နေပြီး ဖေဖော်ဝါရီ ၆ ရက် အင်္ဂါနေ့ ညကနေ ၇ ရက် ဗုဒ္ဓဟူးနေ့လယ်အထိ စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP) ၆၃ ယောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထပ်မံထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ် အမျိုးသား သတင်းဌာန BSS က ဖေဖော်ဝါရီ ၇ ရက်က ဖော်ပြပါတယ်။ ထွက်ပြေးလာသူတချို့က ဒဏ်ရာတွေရထားပါတယ်။

ထပ်ရောက်လာသူတွေ၊ အရင်ရက်တွေက ရောက်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေနဲ့ တခြားလူတွေအပါအဝင် စုစုပေါင်း ၃၃၇ ယောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတယ်လို့ ပြောပါတယ်။

ထွက်ပြေးလာသူတွေကို ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောကြောင်း တူရကီအခြေစိုက် AA သတင်းဌာနက ဖေဖော်ဝါရီ ၇ ရက်က ဖော်ပြပါတယ်။

မနှစ်က စတင်တိုက်ပွဲဖြစ်ပွားပြီး ဒါဟာ ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလာတာပါ။ ဒီတပ်ဖွဲ့တွေနဲ့ တာဝန်ရှိသူတွေကို လေကြောင်းကနေ ပြန်ပို့ဖို့ အဆိုပြုထားတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စ ဆွေးနွေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်နေပြည်တော်ရောက်ရှိနေပြီး မကြာခင်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ရကြောင်း တာဝန်ရှိသူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org