ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် သေနတ်ပစ်ခံရပြီး ပျံလွန်တော်မူ

ဆရာတော်ဟာ ဇွန်လ ၁၉ ရက်နေ့မှာ မန္တလေးကို လေကြောင်းနဲ့ ကြွလာခဲ့ပြီး တံတားဦးလေဆိပ်အထွက်မှာ ကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ကားပေါ်မှာပဲ ပျံလွန်တော်မူသွားခဲ့တာပါ။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ။ Facebook/ ဝင်းနိမ္မိတာရုံစာသင်တိုက်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ကားကို မန္တလေးတိုင်း တံတားဦးလေဆိပ်အနီးမှာ စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ဇွန်လ(၁၉)ရက်နေ့မှာ ဆရာတော်ပျံလွန်တော်မူခဲ့ပြီး အခြားဆရာတော်တစ်ပါးနဲ့ ယာဥ်မောင်းတို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရွှေကျင်အစည်းအဝေးသွားရင်းနဲ့ ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် နာယကဆရာတော်ရဲ့ တပည့်ဆရာတော်တစ်ပါးက RFA ကို မိန့်ပါတယ်။

“မန္တလေးရွှေကျင် အစည်းအဝေးတက်သွားရင်နဲ့ လေယာဥ်ကွင်းအထွက်မှာ ရဲဂိတ်ကလှမ်းပစ်လို့ ပျံလွန်တော်မူသွားတယ်လို့ သိရတယ်၊ ဝင်းနိမ္မိတာရုံကျောင်းကနေပြီးတော့ ဆရာတော်ရဲ့ ရုပ်ကလာပ်ရဖို့အတွက် မန္တလေးကို တက်သွားတယ်၊ အခု ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ပင့်လာတာလမ်းတစ်ဝက်ရောက်နေပြီ၊ မိတ္ထီလာ ကျော်နေပြီ။”

ဆရာတော်ဟာ ဇွန်လ ၁၉ ရက်နေ့မှာ မန္တလေးကို လေကြောင်းနဲ့ ကြွလာခဲ့ပြီး တံတားဦးလေဆိပ်အထွက်မှာ ကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ကားပေါ်မှာပဲ ပျံလွန်တော်မူသွားခဲ့တာပါ။

မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) မှာ ဇွန် ၂၀ ရက်နေ့ ကျင်းပမယ့် အစည်းအဝေးကို တက်ဖို့ ရန်ကုန်မြို့က ဆရာတော်တစ်ပါးနဲ့အတူ သွားခဲ့တာလို့လည်း သိရပါတယ်။

ဒီပစ်ခတ်မှုကြောင့် ကားပေါ်ပါလာတဲ့ အခြားဆရာတော်တစ်ပါးနဲ့ ယာဉ်မောင်းတို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ MRTV မှာ ဇွန်လ ၁၉ ရက်နေ့ညက သတင်းထုတ်ပြန်ရာမှာ PDF အဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်နေချိန် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ရဲ့ကား ဝင်လာခဲ့ပြီး အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် တိမ်းမှောက်ခဲ့ရတဲ့အပြင် ဆရာတော်ပျံလွန်တော်မူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

စစ်ကောင်စီ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မန္တလေးတိုင်း PDF အဖွဲ့ကိုမေးမြန်းဖို့ RFA က ကြိုးစားနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org