ပုဂံဘုရားတွေပေါ် တက်ရောက်ခွင့် ဒီနှစ်ကုန်မှာ ပိတ်ပင်မည်

ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းရေးအတွက် ပုဂံဒေသ က ရှေးဟောင်းစေတီ ပုထိုးတော်တွေပေါ်ကို ခရီး သည်တွေတက်ခွင့်မပြုတော့ပဲ ရှုခင်းကြည့်ဖို့အတွက် စင်မြင့်တွေ စတင်ဆောက်လုပ်နေပြီလို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇန်နဝါရီလ ၂၄ ရက်နေ့က ပုဂံဒေသကို သွားရောက်ကြည့်ရှုခဲ့စဉ် Photo : Kaung Htet Kyaw/RFA

ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းရေးအတွက် ပုဂံဒေသက ရှေးဟောင်းစေတီ ပုထိုးတော်တွေပေါ်ကို ခရီးသည်တွေတက်ခွင့်မပြုတော့ဘဲ ရှုခင်းကြည့်ဖို့အတွက် စင်မြင့်တွေ စတင်ဆောက်လုပ်နေပြီလို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

စင်မြင့်တွေအားလုံး ဒီနှစ်ကုန်ပိုင်းမှာ ပြီးသွားပြီဆိုရင် ဘုရားတွေပေါ်ကို တက်ခွင့်လုံးဝပေးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့အတွက် သတ်မှတ်ဇုန်ချဲ့မယ်ဆိုရင် ပုဂံလူထုရဲ့ လူမှုဘဝတွေ ထိခိုက်နိုင်တာနဲ့ ပတ်သက်ပြီး လူထုကို အာမခံပေးတဲ့အနေနဲ့ ဒီရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုခဲ့တာဖြစ်ပြီး ပုဂံတဝိုက်မှာ ပိုမိုစိုပြေလှပရေးနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပိုမိုအဆင်ပြေရေးအတွက်လည်း ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ပုဂံမှာ အရင်အစိုးရလက်ထက်က ခွင့်ပြုခဲ့တဲ့ ဟိုတယ်တချို့ဟာ စည်းကမ်းချက်တွေကို ချိုးဖေါက်ဆောက်လုပ် ခဲ့ကြောင်းလည်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

“ရှေးဟောင်းစေတီတွေနဲ့ ပေ ၁၂ဝ ကွာရင် ဆောက်လို့ရတယ်။ ပြီးတော့ ပေ ၃ဝ ထက်မြင့်တဲ့ အဆောက် အဦးကို ဆောက်ခွင့်မရှိဘူး။ အကုန်လုံးက ဥပဒေနဲ့ မလုပ်ခဲ့ကြဘူး။ ခွင့်ပြုချက်မှာ ပါဝင်တာတွေကို မသိချင်ယောင်ဆောင်ခဲ့ကြတာတွေ ရှိတယ်ဗျ။ ကျနော့်လက်ထက်ကျမှ ကျနော့်ခါင်းပေါ် အကုန်ပုံတော့ တာပဲ”

အဲဒီလို သတ်မှတ်စည်းကမ်းချိုး ဖေါက်ဆောက်လုပ်ခဲ့တဲ့ ဟိုတယ်တွေကို လက်ငင်းမှာ ပြန်ဖျက်ချလို့ မဖြစ်နိုင်ပေ မယ့် တချိန်ချိန်မှာ ဖယ်ရှားမှာဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲနေကြောင်းနဲ့ လူထုကို အဆင့်ဆင့်ချပြ အသိပေးမှာဖြစ်ကြောင်း လည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လတ်တလော သွားရောက်ခဲ့တဲ့ မန္တလေးနဲ့ မကွေးတိုင်း ခရီးစဉ်အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထား ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org