မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေ အမြင့်ဆုံး ရေမှတ် ရောက်ရှိ

မြန်မာနိုင်ငံမြောက်ဖျား မေခနဲ့ မလိခမြစ်တွေရှိတဲ့ ပူတာအိုမြို့နယ်နဲ့ ချီဖွေမြို့နယ်တို့မှာ မိုးကြီးနေတာကြောင့် ဒီနှစ်မိုးရာသီအတွက် မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့ မနက်ပိုင်းမှာ အမြင့်ဆုံး ရေမှတ် ၉၇၀ စင်တီမီတာ ကိုရောက်ရှိခဲ့ပါတယ်။

ဒီနှစ်မိုးရာသီအတွက် မြစ်ကြီးနားမြို့ရဲ့အမြင့်ဆုံးရေမှတ် ၉၇၀ စင်တီမီတာကို ရောက်ရှိခဲ့တဲ့ ဧရာဝတီမြစ်ကို ဇူလိုင်လ ၄ ရက်နေ့ နေ့လည်ပိုင်းကတွေ့ရစဉ် Photo: Kyaw Myo Min/ RFA

မြန်မာနိုင်ငံမြောက်ဖျား မေခနဲ့ မလိခမြစ်တွေရှိတဲ့ ပူတာအိုမြို့နယ်နဲ့ ချီဖွေမြို့နယ်တို့မှာ မိုးကြီးနေတာကြောင့် ဒီနှစ်မိုးရာသီအတွက် မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့ မနက်ပိုင်းမှာ အမြင့်ဆုံး ရေမှတ် ၉၇၀ စင်တီမီတာ ကိုရောက်ရှိခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ အမြင့်ဆုံးရေမှတ် ၉၇၀ အထိရောက်ရှိခဲ့ပြီး ညနေပိုင်းမှာ ၉၆၀ ကို ပြန်ကျနေတယ်လို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဋ္ဌာနမှူး ဦတင်ထိုက် က ပြောပါတယ်။

"၉ နာရီခွဲ တိုင်းတာချက်အရ ၉၇ဝ အထိရောက်ပြီး ၁၁ ခွဲ တိုင်းတာချက်အရ ၉၆၉ ဆိုတော့ အကျဘက်ကို နည်းနည်းပြန်ကျတယ်ပေါ့၊ ညနေ ၄ နာရီခွဲချိန် ၉၆ဝ ကိုပြန်ကျတယ်ဗျာ၊ မြစ်ကြီးနားမြို့အနေနဲ့ ဒီနှစ်မိုးရာသီမှာ အမြင့်ဆုံးရေမှတ် ၉၇ဝ စင်တီမီတာပေါ့၊ ဗမာပြည်မြောက်ဖျားမှာ မိုးများမယ်၊ ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းကြောင့် မိုးတွေရွာမယ်၊ မေခ မလိခ မြစ်ဖျားမှာ မိုးကြီးမယ်ဆိုရင်တော့ ဧရာဝတီမြစ်ရေက တက်တာပေါ့ဗျာ၊ နှစ်စဉ်ဒီအချိန် ရေတက်တဲ့အချိန်ဆိုတော့ သတိထားနေဖို့လိုတာပေါ့"

ဒီနှစ်ဟာ ပြီးခဲ့တဲ့နှစ်ထက်စာရင် မိုးကြီးတဲ့အတွက် ပြီးခဲ့တဲ့ မိုးဦးကာလကလည်း ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ မြစ်ရေတက်လာတဲ့အတွက် မကြာခင်ရက်ပိုင်းအတွင်း ဆင်ဘို၊ ဗန်းမော်၊ ရွှေကူ၊ ကသာ စတဲ့မြို့တွေမှာလည်း ဧရာဝတီမြစ်ရေဟာ အဲ့ဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်နားအထိ ရောက်နိုင်တယ်လို့ ပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက်က မြစ်ချောင်းကမ်းပါးတွေအနီးမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူတွေဟာ ရေလမ်းခရီးတွေမှာ သတိထားသွားလာကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဋ္ဌာနက သတိပေးထားပါတယ်။

မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ဟာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး မြစ်ကြီးနားမြို့မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ဧရာဝတီမြစ်ရေကြီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org