၀န်ကြီး ဦးအုန်းမြင့်ကို ဆန္ဒပြမယ့်အစီအစဉ် ငြင်းပယ်ခံရ

မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက်ရွာသားတွေ ကို မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က မချေမငံ ရိုင်းရိုင်းပျပျဆက်ဆံခဲ့တာကို မကျေနပ်ကြောင်း ဆန္ဒပြဖို့ သစ်ရာကောက်ကျေးရွာသားတွေက သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်းခံခဲ့ပေမယ့် မနေ့က ပယ်ချခံရတယ် လို့ ဒေသခံတွေကပြောပါတယ်။

သစ်ရာကောက်ကျေးရွာကို ဖေဖော်ဝါရီလ ၄ နေ့က ဒုတိယ အကြိမ်ရောက်ရှိလာတဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေ သဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို တွေ့ရစဉ် photo: from Youtube

မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရွာသားတွေကို မွေးမြူရေး၊ ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က မချေမငံ ရိုင်းရိုင်းပျပျဆက်ဆံခဲ့တာကို မကျေနပ်ကြောင်း ဆန္ဒပြဖို့ သစ်ရာကောက်ကျေးရွာ သားတွေက သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်းခံ ခဲ့ပေမယ့် မနေ့က ပယ်ချခံရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ဆန္ဒပြခွင့် ပယ်ချခံရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး  ဦးရဲတင့် (သစ်ရာကောက်) က ခုလိုပြောပြပါတယ်။

“၁၆ ရက်နေ့ကို ဝန်ကြီး ဦးအုန်းမြင့်ရဲ့ မတရား ပြောဆိုမှုအပေါ်မှာ ကန့်ကွက်ကြောင်း ဆန္ဒပြဖို့ဆိုရင် ပုဒ်မ ၁၈ နဲ့အညီ ရဲစခန်းကနေ တဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို တင်ထားတာဗျ၊ အဲဒီဟာကို မနေ့က နေ့လယ် ၁ နာရီလောက်မှာ ကန့်ကွက်ဆန္ဒပြတဲ့အကြောင်း မခိုင်လုံဘူးဆိုပြီးတော့ ငြင်းပယ်ခံရပါတယ်၊ ဆန္ဒပြခွင့် မရပါဘူး”

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကွင်းဆင်းနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဟာ သစ်ရာကောက်ကျေးရွာကို ဇန်နဝါရီ ၂၈ ရက်က ရောက်ရှိလာပါတယ်။ ဝန်ကြီးဟာ ရွာသားတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံနေရာက ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးတိုးမြင့်က ရပ်ရွာကိုယ်စား ရွာမှာ သောက်ရေသန့် အခက်အခဲရှိတဲ့အကြောင်း အားကိုးတကြီးနဲ့ တင်ပြပြီးတဲ့နောက် ရုတ်တရက် ရိုင်းရိုင်းပျပျ ပြောဆိုဆက်ဆံတာကို မကျေနပ်တဲ့အတွက် ရွာသားတွေက ဆန္ဒပြဖို့ စီစဉ်တာပါ။
ဆန္ဒပြဖို့ ခွင့်ပြုချက်မရတဲ့ အကြောင်းပြချက်ကိုလည်း ဦးရဲတင့်က ပြောပြပါတယ်။

“သစ်ရာကောက်ကျေးရွာ အရှေ့ဈေးကုန်းကနေပြီးတော့ ကိုးပင်လမ်းခွဲအထိ ချီတက်ဆန္ဒပြမှာ၊ အဲလိုတင်ထားတာကို ကန့်ကွက်ပါတယ်၊ အကြောင်းရင်းက ကျေးရွာလမ်းသည် ရန်ကုန်-မကွေး အဝေးပြေးလမ်းမကြီး ဖြစ်တဲ့အတွက်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်စေနိုင်တယ်၊ နောက် တစ်ချက်က ဝန်ကြီး ဦးအုန်းမြင့်သည် လွှတ်တော်အတွင်းမှာ လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပိုမိုရှုတ်ထွေးနိုင်စရာ အကြောင်းတွေရှိတယ်လို့ မြို့နယ်ရဲစခန်းမှူးက လက်မှတ်ထိုးပြီးတော့ ကန့်ကွက်ပါတယ်၊ တကယ်လို့များ ကန့်ကွက်ချက်ကို မကျေနပ်ရင်တော့ ခရိုင်အထိတက်ပြီးတေ့ာ ထပ်မံတောင်းဆိုလို့ ရတယ်လို့တော့ ပြောပါတယ်”

သစ်ရာကောက်ရွာသားတွေ ဆန္ဒပြခွင့်မရတဲ့အကြောင်း  သစ်ရာကောက်ရွာမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မွန်းလွဲတစ်နာရီမှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့လည်း ပြောကြားပါတယ်။

ဝန်ကြီး ဦးအုန်းမြင့်ကို ဆန္ဒပြဖို့ သစ်ရာကောက်ကျေးရွာသားတွေရဲ့ တောင်းခံချက် ငြင်းပယ်ခံရတာနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင် ဆက်သွယ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org