ကိုအောင်မှိုင်းဆန်းနဲ့ ကျောင်း သားတွေ အစာငတ်ခံဆန္ဒပြမှု ယာယီရပ်နား
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် အစာငတ်ခံ ဆန္ဒပြနေတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအဝင် ၇ ဦး ဟာ ဆန္ဒပြမှုကို ဒီနေ့က စပြီး ယာယီရပ်နားလိုက်ပါတယ်။
-
2015-11-17 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် အစာငတ်ခံ ဆန္ဒပြနေတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအဝင် ၇ ဦး ဟာ ဆန္ဒပြမှုကို ဒီနေ့ကစပြီး ယာယီ ရပ်နားလိုက်ပါတယ်။
ရွှေဝါရောင် သံဃာတော်တွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆန္ဒပြတာ ရပ်နားဖို့ မေတ္တာရပ်ခံတာကို ကိုအောင်မှိုင်းဆန်းက လက်ခံလိုက်ပြီး သာယာဝတီထောင်မှာ ကျန်ရှိနေတဲ့ ဆန္ဒပြနေသူတွေကို လှမ်းပြီးအကြောင်းကြားတာဖြစ်တယ်လို့ ဒီနေ့ သာယာဝတီတရားရုံးထုတ်ကို သွားရောက် ခဲ့တဲ့ ကျောင်းသူ မဖြိုးဖြိုးအောင်ရဲ့ မိခင်ဖြစ်တဲ့ ဒေါ်သန္တာက ပြောပါတယ်။
"ကိုအောင်မှိုင်းဆန်းဆီ ရွှေဝါရောင်သံဃာတော် ဆရာတော်ကြီးတွေလာပြီးတော့ မေတ္တာရပ်ခံတဲ့အတွက် ရန်ကုန်က ကိုအောင်မှိုင်းဆန်း က ခေတ္တရပ်နားလိုက် တယ်ပေါ့၊ အဲ့က ကလေးတွေကလည်း တော်တော်ကို မချိမဆန့်ဖြစ်နေတယ်လေ၊ ဆေးကုသမှု ခံယူဖို့ ဆေးရုံကိုသွားမှာပါ"
ဒီကနေ့ ရုံးထုတ်မှာ အမှုစစ်ဆေးတာမရှိဘဲ ဆန္ဒပြမှု ရပ်ဆိုင်းလိုက်တဲ့ သာယာဝတီ အကျဉ်းထောင်က အစာငတ်ခံဆန္ဒပြနေသူ ၄ ဦးကို ဆေးစစ်ဖို့အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံထံ ပို့ဆောင်လိုက်ပါတယ်။
ရွှေဝါရောင်သံဃာတော်များအဖွဲ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ ကိုအောင်မှိုင်းဆန်း၊ ကိုဖြိုးဓနနဲ့ ကိုမျိုးမြတ်စံတို့ကို ဒီကနေ့ သွားရောက်တွေ့ဆုံပြီး အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေကို စိုးရိမ်ပူပန်ကြောင်း၊ အာဏာလွဲှပြောင်းပြီးတဲ့အထိ ဆန္ဒပြမှုကို ရွှေ့ဆိုင်းပေးဖို့ မေတ္တာရပ်ခံ ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် NNER ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ စတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ကလည်း မေတ္တာရပ်ခံထားပါတယ်။
အလားတူ မြင်းခြံထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသား ၄ဦးလည်း ဆန္ဒပြမှုကို ရပ်နားလိုက်တယ်လို့ သိရပါတယ်။
ကိုအောင်မှိုင်းဆန်းကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။