စစ်ကောင်စီဒုဥက္ကဋ္ဌကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော် ထိခိုက်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိနေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီပြီး သေဆုံးဒဏ်ရာရခဲ့တယ်လို့ Alpha Bats Drone Force အဖွဲ့က ထုတ်ပြန်ပါတယ်။

ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats ဒရုန်းတပ်ဖွဲ့ဝင်များ ဒရုန်းမောင်းနှင်နေသည်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။ Alpha Bats Drone Force

မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိနေချိန် ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆယ်နဲ့ချီပြီး သေဆုံးဒဏ်ရာရခဲ့တယ်လို့ Alpha Bats Drone Force အဖွဲ့က ထုတ်ပြန်ပါတယ်။

ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Alpha Bats ဒရုန်းတပ်ဖွဲ့က ဧပြီလ ၉ ရက်နေ့ နေ့လယ်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သုံးဆယ်ကျော်ထိခိုက်ခဲ့ပြီး သေဆုံးသူ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ Alpha Bats ဒရုန်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Alpha Bats ဒရုန်းတပ်ဖွဲ့က ကာမီကာဇေဒရုန်း ငါးစင်းနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းမှာရှိတဲ့ အားကစားခန်းမနဲ့ ရဟတ်ယာဉ်တွေကို ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ Alpha Bats Drone Force ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အတည်ပြုနိုင်ပါတယ်။ သတင်းအရတော့ ကျွန်တော်တို့ နေရာအချိန်အကုန်ကွက်တိလုပ်ဆောင်ခဲ့တာမို့ အထိအခိုက်အသေအဆုံးရှိပါတယ်။ ရှေ့လျှောက်လည်း တော်လှန်ရေး ရေချိန်မြှင့်နိုင်ဖို့နဲ့ စကစကို တောက်လျှောက်ဖိအားပေး ခြိမ်းခြောက်မှုတွေရှိလာအုံးမှာပါ။ နေရာအချိန်အခါမရွေးပါပဲ။”

ဒါ့အပြင် တိုက်ခိုက်မှုကြောင့် စစ်ဌာနချုပ်ဝင်းထဲမှာရပ်ထားတဲ့ ရဟတ်ယာဥ်နှစ်စီး ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဧပြီ ၈ ရက်နေ့ကလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာရှိနေချိန် Alpha Bats ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရပါဘူး။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org