ဒေါ်အောင်ဆန်းစုကြည် Oxford မှာ ဘွဲ့လက်ခံမိန့်ခွန်း ပြောကြား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့က Oxford တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် ပါရဂူ ဒေါက်တာဘွဲ့ကို လက်ခံခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်က ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်သည့်အခမ်းအနား၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။ Courtesy of www.ox.ac.uk

တက္ကသိုလ် ထုံးတမ်းစဉ်လာအတိုင်း ဘွဲ့ဝတ်စုံအနီ၊ ဦးထုပ်အနက် ဆောင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခံစားချက် ပြည့်လျှမ်းနေတဲ့ မျက်နှာအမူအယာ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြပါ တယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အတိတ်က အမှတ်ရစရာတွေကို ပြန်ပြောင်း အောက်မေ့မိတယ်လို့ဘွဲ့လက်ခံ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဂုဏ်ထူးဆောင်ဘွဲ့ကို တက္ကသိုလ်အဓိပတိ ဟောင်ကောင် ဘုရင်ခံဟောင်း Chris Patten က ချီးမြှင့် ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘွဲလက်ခံ မိန့်ခွန်းအပြီးမှာ တက်ရောက်လာသူ ဆရာတွေ နဲ့ ကျောင်းသား တစ်ထောင်ကျော်က မတ်တတ်ရပ် သြဘာပေးခဲ့ ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို Oxford တက္ကသိုလ်က ၁၉၉၃ ခုနှစ်ကတည်းက ဂုဏ်ထူးဆောင် ဥပဒေ ပါရဂူဘွဲ့ ချီးမြှင့်ခဲ့ပေမဲ့ အခုမှသာ တက်ရောက် လက်ခံနိုင်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က ဘွဲ့လက်ခံမိန့်ခွန်း ပြောကြားရာမှာ -

"ကျွန်မတို့ရှေ့လျှောက်ရမဲ့ လမ်းခရီးဟာ ကျွန်မပြောခဲ့သလို လွယ်ကူမှာမဟုတ်ပါဘူး။ Oxford တက္ကသိုလ်အနေနဲ့ သူမွေးထုတ်လိုက်တဲ့ ရင်သွေးတစ်ဦးဆီက အကောင်းဆုံး လုပ်ဆောင် ချက်တွေကို မျှော်လင့်တယ်ဆိုတာ ကျွန်မသိပါတယ်။ ဒီကနေ့ Oxford တက္ကသိုလ်က ကျွန်မကို အရင်းအချာတစ်ဦးအဖြစ် သတ်မှတ်လိုက်တာကြောင့် ကျွန်မဟာ ရှေ့အနာဂတ်မှာ တွေ့ကြုံရ မယ့် ပြဿနာတွေကို အကောင်းဆုံး ရင်ဆိုင်ဖို့ ခွန်အားတွေ ရရှိသွားပါပြီ"လို့ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ Oxford တက္ကသိုလ်မှာ ၁၉၆၄ ကနေ ၁၉၆၇ ခုနှစ်အထိ ပညာသင်ကြားခဲ့ပြီး ခင်ပွန်းဖြစ်သူ တိဘက်ရေးရာ ပါရဂူ ပါမောက္ခ Michael Aris နဲ့ Oxford မှာ နှစ်အတော် ကြာ နေထိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ ခေတ္တတွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘွဲ့လက်ခံမိန့်ခွန်း ကောက်နှုတ်ချက်ကို ဦးကိုကိုအောင်က တင်ပြမှာဖြစ်ပါတယ်။

ကောက်နှုတ်တင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org