အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပြည်သူ့ပါတီ တွေ့ဆုံဆွေးနွေး
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းနဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်တွေ မတ်လ ၂၂ ရက်က ရန်ကုန်မြို့ LOTTE ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။
- 2022-03-22
-
-
-
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းနဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်တွေ မတ်လ ၂၂ ရက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ LOTTE ဟိုတယ်မှာ တစ်နာရီကြာ ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ပါတီက ထုတ်ပြန်ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အပြန်အလှန် ဆွေးနွေးခဲ့သလို စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား တွေ အားလုံး ပြန်လွှတ်ပေးဖို့၊ အရပ်သား ထိခိုက်သေဆုံးမှုတွေကို ဘက်အသီးသီးကနေ ကာကွယ်ပေးဖို့၊ အသွင်ကူးပြောင်းရေး ကြားကာလ နိုင်ငံရေး သဘောတူညီမှု တစ်ခုရရှိရေး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ကျယ်ကျယ် ပြန့်ပြန့်ပေးဖို့ ကိစ္စတွေကို အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ စစ်ကောင်စီ ကို တိုက်တွန်းပေးဖို့လည်း ပြည်သူ့ပါတီက ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီးလည်းဖြစ် NLD အရန်ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်စုစုလွင်နဲ့ မနေ့က ညနေပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေါ်စုစုလွင်ရဲ့ ကျန်းမာရေး မကောင်းတာကြောင့် အခုလို ပျက်ပြယ်ခဲ့တာလို့ ဒီကနေ့ သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။
မနေ့က မတ်လ ၂၁ ရက်မှာတော့ အာဆီယံ အထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအစိုးရအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို မတ်လ ၂၁ ရက်ကနေ မတ်လ ၂၃ ရက်အထိ ၃ ရက် ကြာ ခရီးစဉ်ရောက်ရှိနေတာ ဖြစ်ပါတယ်။