မြန်မာနိုင်ငံက တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ အာဆီယံ တောင်းဆို
မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့နဲ့ လူသားချင်းစာနာရေးအကူအညီတွေ ပေးပို့နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့လည်း အာဆီယံက တိုက်တွန်းပါတယ်။
-
RFA Burmese
2024-10-13 -
-
-
မြန်မာနိုင်ငံက တိုက်ပွဲတွေ ချက်ချင်းရပ်ဆိုင်းပြီး ပြည်တွင်းစစ်အဆုံးသတ်ရအောင် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အရှေ့တောင်အာရှ ခေါင်းဆောင်တွေက အောက်တိုဘာ ၁၃ ရက်က တောင်းဆိုလိုက်ပါတယ်။
ဒါတင်မက နိုင်ငံတကာဥပဒေကို အခြေခံပြီး တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတစ်ရပ်ကို အမြန်လက်ခံဖို့လည်း တိုက်တွန်းပါတယ်။
လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်း အစည်းအဝေးတွေ သောကြာနေ့က ပြီးဆုံးသွားပြီး အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်တဲ့ကြေညာချက်ဟာ အစည်းအဝေးတွေရဲ့ သဘောတူညီချက်တွေကို ကိုယ်စားပြုတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အစည်းအဝေးတွေကို အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ တောင်ကိုရီးယားက သံတမန်တွေလည်း တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့နဲ့ လူသားချင်းစာနာရေးအကူအညီတွေ ပေးပို့နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့လည်း အာဆီယံက တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံရဲ့လူဦးရေ စုစုပေါင်းရဲ့ သုံးပုံ တစ်ပုံကျော်ရှိတဲ့ လူ ၁၈ ဒသမ ၆ သန်းလောက် လူသားချင်းစာနာရေး အကူအညီလိုအပ်မယ်လို့ ခန့်မှန်းထားတာပါ။ ၂၀၂၁ စစ်အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာစစ်ကောင်စီက အပြည့်အဝအကောင်အထည်မဖော်ဘဲ လက်နက်ကိုင်တော်လှန်ရေးက ကျယ်ပြန့်လာပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ အာဆီယံအဖွဲ့ဝင်တွေလည်း ပါဝင်မယ့် အလားအလာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမှာကို အာဆီယံက ကြိုဆိုလိုက်ပါတယ်။