စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ အာဆီယံကို အရပ်ဘက်အဖွဲ့အစည်း နှစ်ရာကျော် တောင်းဆို

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ပြီးကျူးလွန်နေတာကြောင့် အာဆီယံအနေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ အဖွဲ့အစည်း ၂၄၀ က တိုက်တွန်းလိုက်ပါတယ်။

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ Ministry of Foreign Affairs Myanmar Photo

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေ ဆက်ပြီးကျူးလွန်နေတာကြောင့် အာဆီယံအနေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ မြန်မာနဲ့ နိုင်ငံတကာရောက် အရပ်ဘက်အဖွဲ့အစည်း ၂၄၀ က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့က အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံက ခေါင်းဆောင်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေက အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ရာမှာ အခုလို ထည့်သွင်းဖော်ပြထားတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ အာဆီယံဆွေးနွေးပွဲတွေမှာ စစ်ကောင်စီ ကိုယ်စားတက်ရောက်နေတာတွေ ကန့်သတ်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံဖို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။

ဒီ့အပြင် အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာ ရပ်တန့်သင့်တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ တရားမျှတမှုနဲ့ လွတ်လပ်မှုတို့ကို အားပေးထောက်ခံသင့်ပြီး စစ်ကောင်စီတပ်ရဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အာဆီယံခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာ ယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီအိတ်ဖွင့်ပေးစာနဲ့ ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေက တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာဆီယံနိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမဲ့အကြောင်း အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

အောက်တိုဘာလ ၉ ရက်ကနေ ၁၁ ရက်အထိ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို လာအိုနိုင်ငံမှာ ကျင်းပနေပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org