အာဆီယံကာချုပ်များ အစည်းအဝေးမှာ စစ်ခေါင်းဆောင်ကို ဖယ်ရှားဖို့ အရပ်ဖက် ၂၁၅ ဖွဲ့ တောင်းဆို

လာအိုနိုင်ငံ ဗီယန်ကျင်းမှာ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို ပိတ်ပင်ပေးဖို့ အရပ်ဖက်အဖွဲ့ နှစ်ရာကျော်က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဗီယက်နမ် နိုင်ငံခြားရေးဌာန ဒုဝန်ကြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး (ဝဲမှ ယာ)တို့အား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ AFP

လာမယ့် စက်တင်ဘာ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမှာ ကျင်းပမယ့် ၂၁ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို ပိတ်ပင်ပေးဖို့ အရပ်ဖက်အဖွဲ့ ၂၁၅ ဖွဲ့က အာဆီယံကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ တက်ရောက်ခွင့်ပြုဖို့ ဒီအဖွဲ့တွေက တောင်းဆိုထားပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို တရားမဝင်သိမ်းပိုက်ထားတဲ့ စစ်အုပ်စုကိုယ်စားလှယ်တွေကို နောင်လာမယ့် AMMTC အစည်းအဝေးတွေ အားလုံးကနေ ပိတ်ပင်ပေးဖို့နဲ့ အဲဒီလိုမှ မလုပ်ဆောင်ရင် ဒီအစည်းအဝေးတွေကို သပိတ်မှောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး ဒီနေ့အချိန်အထိ လူပေါင်း ၅၅ဝဝ ကျော်သတ်ဖြတ်ခဲ့ကြောင်း၊ ၂၇,၂ဝဝ ကျော်ဖမ်းဆီးခဲ့ကြောင်း၊ အစုအပြုံလိုက်သတ်ဖြတ်မှုတွေ၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ် မီးရှို့မှုတွေ ကျူးလွန်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃ ဒဿမ ၂ သန်းကျော် ရှိနေပြီဖြစ်ကြောင်း စာထဲမှာ ရေးသားထားပါတယ်။

အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ဖို့အားထုတ်မှုတွေကို ဟန့်တားပေးဖို့နဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာထောက်ခံမှုရရှိအောင် ဆောင်ရွက်ပေးဖို့ ဒီအဖွဲ့တွေက တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org