မြန်မာ အလှည့်ကျဥက္ကဌ ဖြစ်သင့်မသင့် နိုင်ငံတကာသဘောထား ရယူမည်

အာစီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို ၂ဝ၁၄ ခုနှစ်မှာ မြန်မာကို ပေးသင့် မပေးသင့် နိုင်ငံတကာ အစိုးရတွေရဲ့ သဘောထားကို အာစီယံအဖွဲ့ အနေနဲ့ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ကြောင်း အာစီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်ကို ကိုးကားပြီး ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံမှာ ထုတ်ဝေတဲ့ ဂျာကာတာပို့စ် သတင်းစာက ရေးသားလိုက်ပါတယ်။

၂ဝ၁၁ ခုနှစ် မေလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသော အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

မိမိတို့အနေနဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံပြီး ရပ်တည်နေတာ ဖြစ်သလို ဆွေးနွေးညှိနှိုင်းပြီး အကျိုးတူ ဆောင်ရွက်ရတာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် ကျန် ကမ္ဘာ့နိုင်ငံတွေရဲ့ အယူအဆ သဘောထားကိုလည်း လက်ခံ ကြားနာသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ သတင်းမီဒီယာ ကွန်ဖရင့်မှာ မစ္စတာဆူရင်က ပြောပါတယ်။

အာစီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အနေနဲ့ အခုတပတ်၊ ဒါမှမဟုတ် နောက်တပတ်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး ၂ဝ၁၄ ခုနှစ် မြန်မာ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖြစ်သင့်မသင့်ကို ဆုံးဖြတ်ဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တိုးတက်မှု မရှိတဲ့အတွက် မြန်မာကို အာစီယံဥက္ကဋ္ဌ တာဝန်ပေးရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာမှာ ဖြစ်ကြောင်း မြန်မာ့အရေးဆိုင်ရာ အာစီယံလွှတ်တော်အမတ်များအဖွဲ့ AIPMC ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားလွှတ်တော် အမျိုးသမီးအမတ် Eva Sundari က မကြာခင်ရက်ပိုင်းက သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေကို လေ့လာနိုင်ဖို့ အလှည့်ကျ သဘာပတိနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ လေ့လာရေးအဖွဲ့ လာရောက်ဖို့ကိစ္စကို မြန်မာဘက်က လက်ခံဖို့ အသင့်ဖြစ်ကြောင်း ပြီးခဲ့တဲ့ အာစီယံ ထိပ်သီးညီလာခံမှာ သတင်းစကား ပါးတာတွေ ရှိတယ်လို့လည်း အာစီယံ အတွင်းရေးမှူးချုပ်က ပြောကြောင်း သတင်းမှာ ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org