အာဆီယံ သဘောတူညီချက် အမြန်ဆုံးအကောင်အထည်ဖော်ဖို့ PPST ပြော
ဧပြီ ၂၄ ရက်နေ့ အင်ဒီုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းဝေး ဘုံသဘောတူညီချက် ငါးချက်ကို ကြိုဆိုကြောင်းနဲ့ အမြန်ဆုံးကောင်အထည်ဖော်ဖို့ အပစ်ရပ် တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်ဆစ်က ဧပြီလ ၂၆ ရက် ဒီကနေ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
- 2021-04-26
-
-
-
ဧပြီ ၂၄ ရက်နေ့ အင်ဒီုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းဝေး ဘုံသဘောတူညီချက် ငါးချက်ကို ကြိုဆိုကြောင်းနဲ့ အမြန်ဆုံးကောင်အထည်ဖော်ဖို့ အပစ်ရပ် တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်ဆစ်က ဧပြီလ ၂၆ ရက် ဒီကနေ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
အာဆီယံ အထူးအစည်းဝေး ဘုံသဘောတူညီချက် ငါးချက်ကတော့… အကြမ်းဖက်မှုမှန်သမျှ ရပ်တန့်ရေး၊ သက်ဆိုင်ရာအဖွဲ့တွေ အမြန်ဆုံးတွေ့ဆုံရေး၊ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ အထူးကိုယ်စားလှယ် တစ်ဦး ကြားဝင်စေ့စပ်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးရေး၊ အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရေး စတဲ့အချက်တွေ ဖြစ်ပြီး၊ အဲဒီ အချက်ငါးချက်ကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်ဖို့အတွက် တိကျတဲ့လုပ်ငန်းစဉ်နဲ့ အချိန်ဇယားတွေကို အမြန်ဆုံးလုပ်ဆောင်ဖို့ အာဆီယံအဖွဲ့က တောင်းဆိုထားပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ပြည်တွင်းကိုလာရောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနိုင်ရေး ကိစ္စနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေမှာ အာဆီယံနဲ့ လက်တွဲ ဆောင်ရွက်သွားမယ် လို့လည်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဒီကနေ့ အွန်လိုင်းကနေ ကျင်းပတဲ့ PPST အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ရေးကိစ္စကို အာဆီယံ ဘက်က ကြိုးပမ်းဆောင်ရွက်ပေးဖို့ကိုလည်း ဗိုလ်ချုပ်ကြီးရွက်ဆစ်က တောင်းဆိုလိုက်ပြီး၊ သုံးလနီးပါး ကြာတဲ့အထိ နွေဦး တော်လှန်ရေးကို ဆင်နွှဲနေတဲ့ ပြည်သူတွေကို ဆက်လက်ထောက်ခံအားပေး ကူညီသွားမယ်လို့ ဆိုပါတယ်။
အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အသက်ဆုံးခဲ့ရသူ ၇၀၀ ကျော်အတွက်လည်း စစ်ကောင်စီ ခေါင်းဆောင် ပိုင်းက တာဝန်ခံရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးယွက်ဆစ်က မိန့်ခွန်းမှာထည့်ပြောသွားပါတယ်။
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ PPST အစည်းအဝေးကို ဧပြီလ ၂၆ရက် ဒီကနေ့ကနေ မနက်ဖြန်အထိ နှစ်ရက်တာ ကျင်းပမှာဖြစ်ပါတယ်။
PPST အဖွဲ့မှာ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LUD) စတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆယ်ဖွဲ့ ပါဝင်ပါတယ်။