အာဆီယံသဘောတူညီမှုကို မလိုက်နာနိုင်ကြောင်း စစ်ကောင်စီ တုံ့ပြန်

နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံတွေက ဝင်ရောက်မစွက်ဖက်ဖို့လည်း ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီက အာဆီယံနိုင်ငံတွေကို ပြောထားပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲတွင် မြန်မာကိုယ်စားပြုနေရာအလွတ်ကို တွေ့ရစဉ်။ Photo: AFP

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ အောက်တိုဘာ ၂၇ ရက် မနေ့က ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘုံသဘော တူညီချက်ငါးချက်အတိုင်း ဆက်လက် အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ကို မြန်မာ ဘက်က မလိုက်နာနိုင်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက် မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံအနေနဲ့ ပါဝင်တာမရှိဘဲ အာဆီယံ ကိုးနိုင်ငံကသာ ဆွေးနွေးသဘောတူညီခဲ့တာဟာ အာဆီယံပဋိညာဉ် စာတမ်းပါမူတွေနဲ့ အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ သဘောတူညီဆန္ဒအရ ဆောင်ရွက်ခဲ့တာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတုံ့ပြန်ချက်ဟာ မြန်မာအပေါ် အာဆီယံနိုင်ငံတွေရဲ့ တင်းကျပ်မှုတွေကို မလိုလားတဲ့ အတွက် ခုခံကာကွယ်နေတဲ့ သဘောဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုး နိုင် က RFA ကို ပြောပါတယ်။

“အခုဖော်ပြချက်အရဆိုရင်တော့ အာဆီယံဘုံသဘောတူညီငါးချက်ကို အကောင်အထည် ဖော်ရေး မဖော်ရေးဆိုတာထက် အဲဒါတွေက တရားမဝင်တဲ့အတွက် သူတို့နေနဲ့ မလိုက်နာ နိုင်ဘူးလို့ အန်တု ခုခံတဲ့သဘောထားကိုပြသတာ ဖြစ်ပါတယ်”

ဒီလိုတုံ့ပြန်ချက်နဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာအပေါ် အခုထက်ပိုပြီး တင်းကျပ်တဲ့ တောင်းဆိုမှု တွေလုပ်မယ်၊ မလုပ်ဘူးဆိုတာ လာမယ့်နိုဝင်ဘာထဲကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ် ချက်ချလာနိုင်တယ်လို့ သူက ဆက်ပြောပါ တယ်။

စစ်ကောင်စီဘက်ကတော့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်နဲ့ နီးနီးကပ်ကပ် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အာဆီယံ နိုင်ငံတွေအနေနဲ့ ဖိအားပေး၊ အကျပ်ကိုင်တာဟာ ဆိုးကျိုးတွေပဲဦးတည်လိမ့်မယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံတွေက ဝင်ရောက်မစွက်ဖက် ဖို့လည်း ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီက အာဆီယံနိုင်ငံတွေကို ပြောထားပါတယ်။

အာဆီယံသဘောတူညီချက် ငါးရပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရအောင် သက်ဆိုင်သူတွေအားလုံး ဆွေးနွေးကြဖို့၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးဖို့၊ အာဆီယံအထူး ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို စေလွှတ်ဖို့နဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org