လောင်းလုံးမြို့မှာ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် (က) ရပ်ကွက်က ထိန်သစ်လမ်းပေါ်ကို ဧပြီလ ၂၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-04-27 -
-
-
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် (က) ရပ်ကွက်က ထိန်သစ်လမ်းပေါ်ကို ဧပြီလ ၂၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည် ထိမှန်တာကြောင့် အသက် ၇၀ အရွယ် ဒေါ်ခင်အေး နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောင်းလုံးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"အဲဒီနေ့က ခြောက်လုံးလောက် ပစ်ပါတယ်။ ထိန်သစ်လမ်းအလယ်ကို တစ်လုံးကျတာမှ အရပ်သားတွေ ထိခိုက်သေဆုံးတာ။ အိမ်တွေလည်း နည်းနည်းပါးပါး ပျက်စီးတာရှိပါတယ်။ သေဆုံးတဲ့သူကိုတော့ သင်္ဂြိုဟ်လိုက်ပြီလို့ သိထားပါတယ်"
လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်ကောင်စီတပ်က ရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ နေ့စဉ်နီးပါး ပစ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူစုစုပေါင်း ၃၉၇ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၈၈၉ ဦးအထိ ရှိနေပါတယ်။