တောင်သူတွေကို စစ်တပ် က မြေသိမ်းပြီး တရားစွဲ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နယ် ရေပူကျေးရွာက ဒေသခံတောင်သူ ၁၀၀ ကျော်ဟာ တပ်ပိုင်မြေမှာ ဝင်ရောက် လုပ်ကိုင်နေလို့ဆိုပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုနဲ့ တောင်ကြီးမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့စဉ်။ Photo: Khun Yarzar/ RFA

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် ရေပူကျေးရွာက ဒေသခံတောင်သူ ၁၀၀ ကျော်ဟာ တပ်ပိုင်မြေမှာ ဝင်ရောက် လုပ်ကိုင်နေလို့ဆိုပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုနဲ့ တောင်ကြီးမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလက တောင်သူတွေရဲ့မြေယာတွေကို တပ်ပိုင်မြေဖြစ်ကြောင်း ရပခ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က လက်မှတ်ထိုးခိုင်းတာဖြစ်ပြီး တောင်သူတွေ လက်မှတ်မထိုးပေးဘဲ ဝင်ရောက်စိုက်ပျိုးတဲ့အတွက် တရားစွဲ ဆိုတာဖြစ်တယ်လို့ တရားစွဲခံရတဲ့ တောင်သူတွေကို ကူညီပေးနေတဲ့ ရေပူကျေးရွာသူ မမော်မော်ဝင်း က ပြောပါတယ်။

"၁၂ ရက် ၅ လပိုင်း ၂၀၁၆ မှာ ရပခ က တိုင်းမှူးကိုယ်တိုင်ဆင်းလာပြီး အမတို့တောင်သူတွေကို တပ်ပိုင်မြေဖြစ်ကြောင်းကို လက်မှတ်ထိုးခိုင်းတယ်၊ အမတို့တောင်သူတွေကလည်း လက်မှတ် မထိုးနိုင်ဘူး လို့ပြောပြီးတော့ ပြန်လာကြတယ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရပခ က တာဝန်ခံ ဗိုလ်မှူးပေါ့က တရားလိုလုပ်ပြီး တောင်သူတွေကို တရားစွဲတာ၊ တပ်ပိုင်မြေကို တောင်သူတွေက အလုပ်ဝင်လုပ်လုပ်လို့ ပြောတယ်"

တရားစွဲခံထားရတဲ့ တောင်သူ ၁၀၀ ကျော်ဟာ မနေ့ကစပြီး တောင်သူ ၂၀ ကို တစ်ဖွဲ့နှုန်းနဲ့ တောင်ကြီးမြို့နယ် တရားရုံးမှာ ရုံးချိန်းတွေ တက်ရောက်နေတာဖြစ်ပါတယ်။

ရေပူကျေးရွာတောင်သူတွေရဲ့ မြေဧက နှစ်ထောင် ကျော်ကို လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က တပ်မတော်က သိမ်းယူခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်လောက်အထိ တစ်ဧကကို တစ်သောင်းနှုန်းနဲ့ တပ်က သီးစားချငှားရမ်းထားတာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

အဲ့ဒီမြေယာတွေမှာ တောင်သူတွေက ပဲဇင်းငုံ၊ ပြောင်း၊ နေကြာ နဲ့ ပန်း နှမ်း စတာတွေ စိုက်ပျိုးကြတာဖြစ်ပြီး တရားစွဲခံရတဲ့တောင်သူတွေထဲမှာ အသက် ၈၀ နီးပါးရှိတဲ့ တောင်သူတွေလည်း ပါဝင်ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေဧက ၄ သောင်း ကျော်ကို ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက ပြန်စွန့်လွှတ်ပေးရာမှာ ရေပူကျေးရွာတောင်သူတွေရဲ့ လယ်ယာမြေတွေ မပါဝင်ဘူးလို့လည်း တောင်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org