သတင်းထောက် ကိုပါကြီး အစိုးရစစ်တပ် ပစ်ခတ်ခံရ မှုကြောင့် သေဆုံး
တစ်လနီးပါးကြာ ပျောက်ဆုံးနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အလွတ်တန်း သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် ကို မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် အမှတ် ၂၀၈ ခြေမြန်တပ်ရင်းက သူ့ကိုထိမ်းသိန်းထားစဉ် မှာ သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အတွက် အသေဖမ်းဆီးမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ကြောင်း သိရပါတယ်။
-
2014-10-24 -
-
-
Your browser doesn’t support HTML5 audio
တစ်လနီးပါးကြာ ပျောက်ဆုံးနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အလွတ်တန်းသတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကို မွန်ပြည်နယ် ကျိုက်မရောမြို့အခြေစိုက် အမှတ် ၂၀၈ ခြေမြန်တပ်ရင်း က သူ့ကိုထိမ်းသိန်းထားစဉ်မှာ သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် အသေဖမ်းဆီးမိခဲ့ တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ကြောင်း သိရပါတယ်။
ကိုပါကြီးသေဆုံးကြောင်း မနေ့ကရက်စွဲနဲ့ ရေးသားထား တဲ့ သတင်းထုတ်ပြန်ချက်ကို တပ်မတော်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီထံ ပေးပို့ခဲ့တာဖြစ်တယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။
"တပ်မတော်က စာနယ်ဇင်းကော်စီကတဆင့် မီဒီယာတွေကို ပေးတဲ့အတွက်တော့ ကိုပါကြီးသေတာ အတည်ပြုပါတယ်၊ အီးမေးနဲ့ ပို့လိုက်တယ်၊ ၅ နာရီ မိနစ် ၂ဝ မှာရောက်တယ်၊ ဒါပေမဲ့ အဲဒီ့အီးမေးကို ဝေဖို့ အတွက် မနေ့က ဒီပါဝလီနေ့ဖြစ်နေတယ်၊ ရုံးပိတ်နေတယ်၊ ဒါကြောင့် ဒီနေ့မနက်မှာ ဝေလိုက်တယ်"
အဲဒီထုတ်ပြန်ချက်အရ ကိုပါကြီးဟာ KKO အဖွဲ့လို့ ခေါ်တဲ့ ဗိုလ်မှူး စောဆန်းအောင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိကြောင်းနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်နေ့က ကျိုက်မရောမြို့ လှေဆိပ်မှာ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ပါရှိပါတယ်။
ကိုပါကြီးဟာ ဖမ်းဆီးထားချိန်အတွင်း အောက်တိုဘာလ ၄ ရက်နေ့ညက ကင်းစောင့်နေတဲ့ စစ်သားဆီက သေနတ် လုပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ကြောင်း၊ ကိုပါကြီးရဲ့ အလောင်းကို ကျိုက်မရောမြို့အနီး ရွှေဝါချောင်ကျေးရွာတောင်ဘက်တစ်နေရာမှာ မြေမြုပ်သြင်္ဂိုလ်လိုက် ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ဒီကေဘီအေတပ်ဖဲ့ွတွေအကြား ပစ်ခတ်မှုတွေကို သတင်းလိုက်ယူခဲ့ပြီးအပြန်မှာ အဖမ်းခံထားရတာလို့ နီးစပ်သူတွေက ပြောပါတယ်။
ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး သူ့အမျိုးသားကို အဲဒီတပ်ရင်းက ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာတွေရှိကြောင်း၊ နိုင်ငံသားတစ်ဦးအပေါ် တရားဥပဒေမဲ့လုပ်ရပ်တစ်ခုဖြစ်ကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့လိုအပ်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီးအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။