ကလေးစစ်သား အသုံးမပြုရေး ဂျီနီဗာ သဘောတူညီချက် မွန် နဲ့ ကရင်နီ အဖွဲ့ လက်မှတ်ရေးထိုး
အသက် (၁၈) နှစ်အောက် ကလေးသူငယ်များကို စစ်မှုမထမ်းခိုင်းရေး အတွက် ဂျီနီဗာ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့က သြဂုတ် (၃) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ တရားဝင် သဘောတူ လက်မှတ် ရေးထိုးလိုက်တယ်လို့ သိရပါတယ်။
-
2012-08-05 -
-
-
ကလေးသူငယ်များ စစ်မှု မထမ်းခိုင်းရေးအတွက် Deep of Commitment စာချုပ်ကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး(၁) ခူးဦးရယ်၊ အမြဲတမ်း ဗဟိုကော်တီဝင် ဦးရီမာန်ထူး တို့နဲ့အတူ မွန်ပြည်သစ်ပါတီ (NMSP) က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လဝီကောင်းတို့က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်၊ ဒီသဘောတူ စာချုပ်ပါ အချက် (၆) ချက်နဲ့ ပတ်သက်လို့ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က အခုလိုပြောပါတယ်။
“စစ်ပွဲတွေအတွင်းမှာ ကလေးတွေကို အသုံးမပြုမိစေမိဖို့၊ စစ်ဇုန်အတွင်းမှာ ကလေးတွေ ပါဝင် ပတ်သက်ခြင်း မရှိအောင် လုပ်ဖို့၊ တကယ်လို့ စစ်ပွဲတွေအတွင်းမှာ ကလေးစစ်သားတွေ ပါလာခဲ့ရင်လည်း သတ်ဖြတ်တာတွေ ညှဉ်းပန်း နှိပ်စက်တာတွေ မလုပ်ဖို့၊ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုံခြုံရေး အတွက် ကူညီ စောင့်ရှောက်ပေးမယ့် အသင်းအဖွဲ့တွေကို ကျနော်တို့က ပြန်လည် ဆက်သွယ်မှုတွေ လုပ်ပေးဖို့၊ ကလေးတွေ အများဆုံးရှိတဲ့ နေရာတွေကို စစ်ဇုန်တွေ အဖြစ်နဲ့ အသုံးမချဖို့ ကျောင်းတွေ ဘာတွေပေါ့ဗျာ၊ နောက်ဆုံး တချက်ကတော့ ကျနော်တို့ အဲဒီ Geneva call နဲ့ အခု Deep of Commitment ကို လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာ သူတို့က ဒီအချက်အလက်တွေ အပေါ်ကို ကျနော်တို့ အဖွဲ့အစည်းက လိုက်နာမှု ရှိမရှိ လာရောက် စုံစမ်းတဲ့အခါမှာ ကျနော်တို့က ပူးပေါင်းဆောင်ရွက်ဖို့”
ဒီလိုသဘောတူ လက်မှတ်ထိုးတဲ့ အဆင့်မရောက်မီ ၂၀၁၁ ခုနှစ်ကတည်းက Geneva Call ကနေ သူတို့ တပ်မှူးတွေကို လာရောက်ပြီး ကလေး အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပေးခဲ့ပြီး ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းခဲ့ပြီး အခုလို လက်မှတ်ထိုးတဲ့အဆင့် ဖြစ်လာတယ်လို့ သူက ပြောပါတယ်။
မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာကတော့ အရင်ကာလတွေကတည်းက Geneva Call က ကိုယ်စားလှယ်တွေ မွန်ပြည်သစ်ပါတီကို ခဏခဏ ရောက်ရှိပြီး မြေမြုပ်မိုင်း ကိစ္စနဲ့ ဆွေးနွေးခဲ့တာတွေ ရှိကြောင်း၊ အဲဒီနောက်ပိုင်း အမျိုးသမီးနဲ့ ကလေးသူငယ်တွေ စစ်ပွဲအတွင်း အန္တရာယ် မကျရောက်ရေး ဆွေးနွေးလာတဲ့အခါမှာ နဂိုကတည်းကိုက ကလေးစစ်သား အသုံးပြုခဲ့တာ မရှိတဲ့အတွက် လိုလိုလားလား သဘောတူခဲ့တာလို့ ပြောပါတယ်၊ အဲဒီနောက် ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ သဘောထားကိုလည်း သူက အခုလိုပြောပါတယ်။
“ကျနော်တို့ တနိုင်ငံလုံးမှာ ကလေးစစ်သားတွေကိုပေါ့နော်။ မသုံးရင်တော့ ကောင်းတာပေါ့ဗျာ။ ကလေးတွေက အဓိကအားဖြင့် ကျောင်းနေတဲ့ အရွယ်တွေလေ။ သူတို့ကို ကျနော်တို့ကတော့ ပညာအရည်အချင်းတွေ များများ မြှင့်တင်ပြီးတော့မှ တချိန်မှာတော့ ကျနော်တို့နိုင်ငံ တိုးတက်ဖို့ ကောင်းမွန်လာဖို့ အဓိက သယံဇာတ သဘောမျိုးလိုဖြစ်တော့ ကလေးတွေကို အကျိုးရှိအောင် အကောင်းဆုံး အသုံးချနိုင်ဖို့ အတွက် လိုတယ်လေ။ သူတို့က တဘက်က အသိညာဏ်ရော စွမ်းအားရော မရှိခင်မှာ ကျနော်တို့က စစ်ထဲမှာ မသုံးရင်ကောင်းမယ်။ ဒါကတော့ ကျနော်တို့ သက်ဆိုင်ရာအဖွဲ့ အားလုံးကိုပေါ့နော်။ ကျနော်ကတော့ အဲဒီလို ပြောချင်တယ်ဗျ။”
KNPP အနေနဲ့ ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်လို့ အစောပိုင်း အစီရင်ခံစာတွေမှာ စွပ်စွဲခံထား ရတာတွေ ရှိခဲ့ကြောင်း၊ ဒါကြောင့် ၂၀၀၅ ခုနှစ် KNPP ရဲ့ ဖွဲစည်းအုပ်ချုပ်ပုံမှာ အသက် (၁၈) နှစ်အောက် ကလေးတွေကို စစ်သားအဖြစ် ခေါ်ယူအသုံးမပြုရဘူးလို့ အတိအလင်း ပြဋ္ဌာန်းထားခဲ့တယ်လို့လည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
အခုလို Geneva Call နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးတယ် ဆိုတာ သူတို့အဖွဲ့အစည်းတွေ အနေနဲ့ ကလေး အခွင့်အရေးတွေ လေးစားလိုက်နာကြောင်း ပြသချင်လို့ လက်မှတ် ထိုးတာပါလို့လည်း ဦးအောင်ဆန်းမြင့်က ပြောဆိုပါတယ်။