NUG အစိုးရနဲ့ EAO တွေကို တရားဝင် တွေ့ဆုံဖို့ အာဆီယံကို APHR တိုက်တွန်း

အာဆီယံအသင်းဟာ NUG အစိုးရ၊ EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရားဝင်လူသိရှင်ကြားတွေ့ဆုံဖို့ APHR အဖွဲ့က တိုက်တွန်းတဲ့အကြောင်း အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

၂ဝ၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် အာဆီယံအထူးအစည်းအဝေးအတွက် ပြင်ဆင်ထားစဥ်။ Photo: Reuters

အာဆီယံခေါင်းဆောင်တွေကြား ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ချက်ကို တစ်နှစ်ပြည့်တဲ့အထိ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်ချက်မှ အကောင်အထည်မဖော်တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်တပ်အပေါ် စစ်ရာဇဝတ်မှု၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ ပိတ်ဆို့အရေးယူဖို့ အချိန်တန်ပြီလို့ APHR ခေါ် လူ့အခွင့်အရေးအတွက်အာဆီယံအမတ်များအဖွဲ့က ဧပြီ ၂၄ ရက်နေ့က အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အာဆီယံအသင်းအနေနဲ့ ဆောင်ရွက်ရမယ့် APHR က အချက်ငါးချက်ကို အခုလိုထုတ်ပြန်ပါတယ်။

ပထမအချက်က အာဆီယံအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ခန့်အပ်ရေးကဏ္ဍနဲ့ ခန့်အပ်မှုလုပ်ငန်းစဉ်ကို ထဲထဲဝင်ဝင် ပြန်လည်သုံးသပ်ဖို့ လိုအပ်ပြီလို့ ထောက်ပြပါတယ်။ တစ်နှစ်တစ်ယောက် ပြောင်းနေတဲ့အတွက် မူဝါဒဆိုင်ရာ အခက်အခဲတွေ ရှိကြောင်းလည်း ဖော်ပြပါတယ်။

ဒုတိယအနေနဲ့ ပြီးခဲ့တဲ့နှစ်က အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက် ရရှိခဲ့ချိန်မှာ အချိန်ကာလသတ်မှတ်ချက်နဲ့ မြန်ဆန်ချောမွေ့ရေးမှာ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။ တကယ်လို့သာ အားကောင်းမောင်းသန်ဖြစ်ခဲ့ရင်၊ စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ရာဇဝတ်မှုမြောက်လုပ်ရပ်တွေ အတွက်၊ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီထဲမှာ အာဆီယံအဖွဲ့ဝင်အဖြစ်က ဖယ်ရှားတာ၊ စစ်ကောင်စီအဖွဲ့ဝင်တွေကို ခရီးသွားလာခွင့်ပိတ်ပင်တာ စတဲ့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

တတိယအချက်က အာဆီယံအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ လုံခြုံရေးကောင်စီတို့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတာဖြစ်ပါတယ်။

စတုတ္ထအချက်က အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အထောက်အကူပြုအဖွဲ့အနေနဲ့ မြန်မာပြည်က ဒေသဆိုင်ရာလူမှုရေးအဖွဲ့တွေ အရပ်ဖက်အဖွဲ့တွေ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့ တိုက်တွန်းတာဖြစ်ပါတယ်။

ပဉ္စမအချက်အနေနဲ့ တရားဝင် ရွေးကောက်ထားတဲ့ အစိုးရနဲ့ပဲ ဆက်ဆံပြီး စစ်ကောင်စီကို လုံးဝအသိအမှတ်မပြုဖို့ တိုက်တွန်းထားပါတယ်။

နောက်ဆုံးအနေနဲ့ အာဆီယံအသင်းဟာ NUG အစိုးရ၊ EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရားဝင်လူသိရှင်ကြားတွေ့ဆုံဖို့ APHR အဖွဲ့က တိုက်တွန်းတဲ့အကြောင်း အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org