ရှမ်းပြည်နယ်အစိုးရအဖွဲ့ အကျင့် ပျက်ခြစားမှု တိုက်ဖျက်ရေးကော် မတီ ဖွဲ့မည်
ရှမ်းပြည်နယ်အစိုးရအနေနဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မတီ ဖဲ့ွစည်းသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။
-
2016-09-12 -
-
-
ရှမ်းပြည်နယ်အစိုးရအနေနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မတီ ဖဲ့ွစည်းသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။
ဒီနေ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ NLD ပါတီဝင်တွေနဲ့ တွေ့ဆုံအပြီးမှာ သတင်းမီဒီယာသမားတွေကို အခုလိုပြောခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ ခေါင်းဆောင်တွေ ပြောတဲ့အတိုင်းပေါ့နော်၊ ကိုယ့်လူ ကိုယ့်အစိုးရထဲက ဝန်ကြီးတွေ ပြည်ထောင်စု ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေ တကယ်လို့ စားခဲ့ရင် ထောင်မချရဲဘူး အရေးမယူရဲဘူးဆိုရင် နိုင်ငံရေးလုပ်မနေနဲ့ လို့ပြောပါတယ်၊ ဒီအကျင့်ပျက်ခြစားမှုက တိုင်းပြည်ကို ချောက်ထဲဆွဲချတဲ့ပြဿနာ အကျင့်ပျက်ခြစားမှုကော်မတီဖွဲ့ဖို့ ကက်ဘိနက်မှာ ကျနော်တင်သွင်းမယ်၊ ပြီးရင်ဖွဲ့မည်၊ ဖွဲ့ပြီးလို့ရှိရင် အကျင့်ပျက်ခြစားမှုကို လျော့ချသွားအောင် လုပ်မယ်"
ရှမ်းပြည်နယ်အစိုးရက နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တရားမဝင်ကုန်ပစ္စည်းတွေ ဝင်ရောက်နေတာတွေကို ကြီးကြပ်ရေး အဖွဲ့ဖွဲ့စည်းပြီးဆောင်ရွက်နေကြောင်းနဲ့ တိုင်းပြည်အတွက် ဝင်ငွေ ကျပ်သိန်းလေးထောင် အထိ ရရှိလာတယ်လို့ ဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။
မြန်မာနိုင်ငံဘက်အခြမ်းကနေ ကျွဲ၊ နွား၊ သစ်တွေကို တရားမဝင် တင်ပို့နေတဲ့ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ အစိုးရဌာနဆိုင်ရာတွေကိုလည်း ထိန်းချုပ်ဆောင်ရွက်ဖို့အတွက် ပြည်ထောင်စုအစိုးရထံ တင်ပြထားတယ်လို့လည်း ပြောပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အစိုးရရဲ့အဓိကကျတဲ့ မူဝါဒအနေနဲ့ ဆောင်ရွက်နေကြောင်းလည်း ရှင်းပြပါတယ်။
ဝန်ကြီး ဦးစိုးညွန့်လွင်နဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၈ရက်နေ့မှာ လားရှိုးမြို့ ဒေသခံတွေ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့တွေ့ဆုံခဲ့ပြီး ၉ ရက်နေ့မှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ဒေသခံတွေ ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် နောင်ချိုမြို့က မြေယာပြဿနာတွေ ပိုက်လိုင်းစီမံကိန်းကြောင့် နစ်နာဆုံးရှုံးရတဲ့ နောင်ချိုမြို့က တောင်သူတွေနဲ့လည်း သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။