ရိုဟင်ဂျာတွေအတွက် အမေရိကန်က ဒေါ်လာသန်း ၅၀ ကူညီမည်
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားရသူတွေအတွက် အမေရိကန်ပြည်ထောင်စုက နောက် ထပ် ဒေါ်လာ သန်း ၅၀ ကူညီမယ်လို့ ယာယီ နိုင်ငံခြားရေးဝန်ကြီး John J. Sullivan က ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ဒီနေ့ကြေညာလိုက်ပါတယ်။
-
2018-04-24 -
-
-
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားရသူတွေအတွက် အမေရိကန်ပြည်ထောင်စုက နောက်ထပ် ဒေါ်လာ သန်း ၅၀ ကူညီမယ်လို့ ယာယီ နိုင်ငံခြားရေးဝန်ကြီး John J. Sullivan က ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီး အစည်းအဝေးမှာ ဒီနေ့ကြေညာလိုက်ပါတယ်။
တဆက်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ဒုက္ခသည်တွေ အရေးအမြန်ဆုံးပြေလည်အောင်၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ၂၀၁၇ အဆိုပြုချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရကို တိုက်တွန်းလိုက်တယ်လို့ ပြောပါတယ်။
ဒုက္ခသည်တွေကို စောင့်ရှောက်ကူညီထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ချီးကျူးတယ်လို့လည်း မစ္စတာ ဆူလီဗန်က ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအရေး ပြေလည်အောင် ဒီကိစ္စမှာ တာဝန်ရှိပြီး ပတ်သက်နေတဲ့သူ အားလုံးက အပြုသဘောဆောင်တဲ့အမြင်နဲ့ ချဉ်းကပ်ဆောင်ရွက်ကြဖို့ အမေရိကန်အစိုးရအနေနဲ့ ဆက်ပြီးတိုက်တွန်း နေတယ်လို့ ဆိုပါတယ်။
အခုဆိုရင် ၂၀၁၇ သြဂုတ်လကစလို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်က ကူညီခဲ့တာ ၁၆၃ သန်းကျော်ရှိပြီလို့ ပြောပါတယ်။
အဲဒီအပြင် မကြာခင်မှာ မိုးရာသီရောက်တော့မှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေအတွက် မိုးလုံလေလုံ နေရာထိုင်ခင်း ပြင်ဆင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ၊ ရေနဲ့သန့်ရှင်းရေးပစ္စည်းတွေ၊ ကျန်းမာရေးနဲ့ စိတ်ဓါတ်ရေးရာအားပေးတာတွေကို အမေရိကန်ပြည်ထောင်စုက ဆက်ပြီးကူညီသွားမယ်လို့လည်း ပြောပါတယ်။ တခြားအလှူရှင်နိုင်ငံတွေလည်း သူတို့နဲ့အတူ ပူးပေါင်းကူညီဖို့ မစ္စတာ ဆူလီဗန်က နှိုးဆော်လိုက်ပါတယ်။