ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ဖို့ မွန်ညီလာခံ တိုက်တွန်း

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သုံးရက်ကြာကျင်းပနေတဲ့ မွန်အမျိုးသား ညီလာခံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့အပါအဝင် အချက် ၅ ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်လိုက်ပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စက်တင်ဘာလ ၂၈ ရက်နေ့ကကျင်းပတဲ့ မွန်အမျိုးသားညီလာခံကို တွေ့ရစဉ် photo: Internet

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သုံးရက်ကြာကျင်းပနေတဲ့ မွန်အမျိုးသား ညီလာခံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့အပါအဝင် အချက် ၅ ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်လိုက်ပါတယ်။

ကြေငြာချက်နဲ့ပတ်သက်လို့ ညီလာခံကိုတက်ရောက်ခဲ့တဲ့ မွန်ဒီမိုကရေစီပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက အခုလိုပြောပါတယ်။

"၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲဖို့ သို့မဟုတ် ပြင်ဆင်ဖို့ပါ၊ ဒီဖွဲ့စည်းပုံကို အသစ်ပြန်လည်ရေးဆွဲပြီးတော့ တိုင်းရင်းသားတွေဟာ မိမိကိုယ်မိမိ ပြန်လည်ပြဌာန်းခွင့်ကို ကျနော်တို့ အပြည့်အဝတောင်းဆိုပါတယ်"

အဲဒီကြေငြာချက်မှာ ပင်လုံညီလာခံလို အနှစ်သာရရှိပြီး အင်အားစုပေါင်းစုံပါဝင်တဲ့ ညီလာခံတစ်ရပ် အမြန်ဆုံးကျင်းပပေးရေး တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးအပြင် မွန်အမျိုးသားတစ်ရပ်လုံး စည်လုံးညီညွတ်ရေး စတဲ့အချက်တွေပါရှိပါတယ်။  ဒါ့အပြင် လာမယ့် ၂၀၁၄ ခုနစ်မှာ မွန်တိုင်းရင်းသားအားလုံး ပါဝင်တဲ့ညီလာခံ ကျင်းပသွားမယ်လို့ပါရှိပါတယ်။

မော်လမြိုင်မြို့မှာကျင်းပခဲ့တဲ့ အဲဒီညီလာခံကို အပစ်အခတ်ရပ်စဲထားတဲ့ မွန်တိုင်းရင်းသား လက်နက်ကိုင် မွန်ပြည်သစ်ပါတီ ၊ မွန်ဒီမိုကရေစီပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နဲ့ ပြည်တွင်းပြည်ပက မွန်တိုင်းရင်းသားပါတီတွေ ၊ မွန်တိုင်းရင်းသား အင်အားစုတွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org