မွန်တိုင်းရင်းသားတွေရဲ့ ပထမဆုံး စုံညီညီလာခံ မော်လမြိုင်မြို့မှာ စတင်ကျင်းပ
2013.09.28

ပြည်တွင်းပြည်ပ မွန်တိုင်းရင်းသား အဖွဲ့တွေအားလုံးရဲ့ ပထမဆုံးအကြိမ် စုံညီညီလာခံကို မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့မှာ ဒီနေ့ကစပြီး ကျင်းပနေပါတယ်။
ညီလာခံကို စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃ဝ ရက်နေ့ထိ ၃ ရက်ကြာကျင်းပမှာဖြစ်ပြီး၊ တစ်နိုင်ငံလုံး တိုင်းရင်းသားတွေပါဝင်မယ့် ဒုတိယအကြိမ် ပင်လုံလိုညီလာခံ ကျင်းပဖြစ်တဲ့အခါ မွန်တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံးရဲ့ တူညီတဲ့ဘုံနိုင်ငံရေး သဘောထားတစ်ရပ် တင်ပြနိုင်အောင် ဒီညီလာခံ ကျင်းပတာဖြစ်တဲ့အကြောင်း မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက RFA ကို ပြောပါတယ်။
“လာမယ့် ၂ဝ၁၄ မှာ နိုင်ငံတော်ကနေ ပင်လုံလို ညီလာခံတစ်ခုလုပ်ဖို့ စီစဉ်ထားတာရှိတယ်လေ၊ အဲဒါမတိုင်ခင်မှာ မွန်တွေ တစ်သံတည်းထွက်နိုင်ဖို့အတွက် ခုလောလောဆယ် မွန်အမျိုးသားညီလာခံပေါ့နော်၊ အဓိကပြင်ဆင်ချက်ကတော့ နိုင်ငံတော်ကကျင်းပမယ့် တစ်နိုင်ငံလုံးညီလာခံမှာ မွန်တွေကိုယ်စားပြုပြီး ဘာပြောမလဲအဲဒါကို ရရှိနိုင်ဖို့အတွက် ကျင်းပရခြင်းဖြစ်တယ်၊ ကျန်တာတော့ အခုလုပ်နေတဲ့ ထာဝစဉ်ငြိမ်းချမ်းရေးကို အထောက်အကူြပုနိုင်ဖို့ အတွက် ေနာက်မွန်တွေ သွေးစည်းညီညွှတ်ဖို့အတွက် ရည်ရွယ်ချက်တွေနဲ့ လုပ်တာဖြစ်ပါတယ်”
အခုကျင်းပနေတဲ့ မွန်အမျိုးသားညီလာခံကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့နဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အဖွဲ့လည်း တက်ရောက်နေပါတယ်။
ဒီညီလာခံမှာ မွန်ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်ပြည်သစ်ပါတီတို့က ဦးဆောင်ပြီး နိုင်ငံတကာက မွန်ကိုယ်စားလှယ်တွေအပြင် ထိုင်း-မြန်မာနယ်စပ်က မွန်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ မွန်ရဟန်းသံဃာတော်တွေ ပါဝင်ဆွေးနွေးနေကြတာဖြစ်ပါတယ်။
ဒီလို မွန်အမျိုးသား ညီလာခံကို ဒီဇင်ဘာလထဲမှာလည်း ဒုတိယအကြိမ် ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီညီလာခံအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။