ALD ပါတီကို ပြန်လည် မှတ်ပုံတင်မည်
နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းထား တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကို လာမယ့် ဖေဖော်ဝါရီလ ကုန်လောက် မှာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ပြန်လည် မှတ်ပုံတင်သွားမယ်လို့ ALD ပါတီ အတွင်းရေးမှူးဟောင်း ဦးမျိုးကျော် က ပြောပါတယ်။
-
2017-02-22 -
-
-
နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းထားတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီကို လာမယ့် ဖေဖော်ဝါရီလ ကုန်လောက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည်မှတ်ပုံတင်သွားမယ်လို့ ALD ပါတီ အတွင်းရေးမှူးဟောင်း ဦးမျိုးကျော်က ပြောပါတယ်။
အရင် ALD ပါတီဝင်ဟောင်းတွေ အများစု ပါဝင်မှာဖြစ်ပြီး ပါတီနာမည်ကိုလည်း အရင်အတိုင်း မှတ်ပုံပြန်တင်မှာဖြစ်တယ်လို့ ဦးမျိုးကျော် က ပြောပါတယ်။
"ဒီလထဲမှာပဲ သွားမှာပါခင်ဗျ။ ပါတီ တည်ထောင်လိုသူစာရင်း သွားသွင်းမှာပါ။ နာမည်ကလည်း မူလ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပဲဆိုတော့လေ။ အတော်များများက လူဟောင်းတွေပဲ ဖြစ်တဲ့အတွက် မူလအတိုင်းပဲ ဖြစ်ဖို့ များပါတယ်ခင်ဗျ"
မကြာမီ တင်သွင်းမယ့် ပါတီတည်ထောင်လိုသူများ စာရင်းမှာ ALD ပါတီ ဥက္ကဌဟောင်းဖြစ်တဲ့ လက်ရှိ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင် မပါဝင်သေးဘူးလို့ ပြောပါတယ်။
ပြန်လည်တည်ထောင်မယ့် ALD ပါတီဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီအဖြစ် မှတ်ပုံတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲချုပ် ALD ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်အများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။
တပ်မတော်အစိုးရလက်ထက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ အတူ အတိုက်အခံအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ပါတီကို ပြန်လည် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲမဝင်ခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။
အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ALD ကို ဖျက်သိမ်းကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDPနဲ့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ နှစ်ဘက်ခေါင်းဆောင်တွေကြား သဘောထား ကွဲလွဲမှုတွေရှိလာပြီး ALD ပါတီဝင်ဟောင်းတချို့ ပါတီကနေ ထုတ်ပယ်ခံခဲ့ရတဲ့အတွက် အရင်ပါတီဟောင်းဖြစ်တဲ့ ALD ပါတီကို ပြန်လည်ထူထောင်ဖို့ ဆောင်ရွက်နေ တာဖြစ်ပါတယ်။