ရာအိမ်မှူးအသစ်တွေကို ထွေအုပ်ခေါ်တွေ့တဲ့ကိစ္စ ကိုယ်စားလှယ် ကန့်ကွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ကျေးရွာတွေမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ ရွေးချယ်ပြီး ကြီးကြပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံ တာတွေရှိတာကြောင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင် က ပြည်နယ်အစိုးရဖွဲ့ဆီ ဒီကနေ့ ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်မှာ ကြီးကြပ်ရေးကော်မတီ ရွေးချယ်နေတာကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ကျေးရွာတွေမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ ရွေးချယ်ပြီး ကြီးကြပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံတာတွေရှိတာကြောင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြည်နယ်အစိုးရဖွဲ့ဆီ ဒီကနေ့ ကန့်ကွက်စာ ပေးပို့လိုက်ပါတယ်။

ဒီလိုခေါ်ယူတွေ့ဆုံတာဟာ ရာအိမ်မှူးတွေ၊ ပြည်သူတွေဆန္ဒကို ကန့်သတ်တာဖြစ်သလို မြို့နယ်ထွေအုပ်က သြဇာ တည်ဆောက်နေသလိုဖြစ်နေပြီး အုပ်ချုပ်ရေးမှူးရွေးချယ်တဲ့ ဥပဒေမှာလည်း မပါတာကြောင့် ကန့်ကွက်စာတင် တာလို့ ချောင်းဆုံမြို့နယ် ဒရယ်ရွာဒေသခံလည်းဖြစ် ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးထွန်းမင်းအောင်က ပြောပါတယ်။

ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်ကတော့ သူကခေါ်တွေ့တာမဟုတ်ဘဲ ကြီးကြပ်ရေးမှူးတွေက သူတိုရွာမှာ အုပ်ချုပ်ရေးမှူး အရွေးခံမယ့်သူတွေကို လာရောက်ပြသတာလို့ ပြောပါတယ်။

"ကြီးကြပ်ရေးအဖွဲ့က တွေ့တာပါ၊ အဓိကကတော့ ကိုယ့်ရာအိမ်မှူး ဘယ်သူဖြစ်တယ်ဆိုတာကို ကိုယ့်ရွာမှာ ဒီလူတွေဖြစ်လာပါတယ်ဆိုတာကို ကျနော်ကိုခေါ်ပြီး လာပြတဲ့သဘောပါ၊ ဘာမှတော့ မဟုတ်ပါဘူး"

ချောင်းဆုံမြို့နယ်က ကျေးရွာတွေမှာ ဆယ်အိမ်မှူးရွေးချယ်ရာမှာ ရွေးချယ်ခံသူ တစ်ယောက်ပဲရှိရင်လည်း အဲဒီသူကို ဆယ်အိမ်မှူးအဖြစ် ရွေးချယ်တာတွေရှိသလို လမ်းနယ်နိမိတ်ကျော်ပြီး ဆယ်အိမ်စုဖွဲ့တာတွေရှိနေတာကြောင့် ပြန်လည်ရွေးချယ်ပေးဖို့ကိုလည်း ကိုယ်စားလှယ်က တောင်းဆိုထားပါတယ်။

ချောင်းဆုံမြို့နယ်က ကျေးရွာတွေကို လိုက်လံမေးမြန်းရာမှာ ရွာအတော်တော်များများမှာ ရာအိမ်မှူးရွေးချယ်ပြီးတာနဲ့ ရာအိမ်မှူးအသစ်တွေနဲ့ ကြီးကြပ်ရေးမှူးတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံကာ အုပ်ချုပ်ရေး မှူးလုပ်ဖို့ ဆန္ဒရှိ မရှိ မေးမြန်းတယ်လို့ ပြောပါတယ်။

လက်ရှိမှာချောင်းဆုံမြို့နယ်ရှိ ကျေးရွာတွေအားလုံးဟာ ဆယ်အိမ်မှူး ရာအိမ်မှူးတွေ ရွေးချယ်ပြီးစီးနေပြီး ကျေးရွာ တချို့ကတော့ အုပ်ချုပ်ရေးမှူးနဲ့ ချိန်းဆိုထားပေမယ့် မတွေ့ရသေးဘူးလို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org