ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းမှု စစ်တမ်းထုတ်ပြန်


2017.12.16
generation-tree-622.jpg ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်း အကြိုကာလလေ့လာစမ်းစစ်မှု ကနဦးအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ကျင်းပစဉ်
Photo: Generation Tree's facebook

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးပါဝင်မှုနှုန်းထား ၆ ရာခိုင်နှုန်းပဲရှိတယ်လို့ စစ်တမ်းကောက်ယူခဲ့တဲ့ Generation Tree အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်တမ်းကောက်ယူမှုအရ အမျိုးသမီးအများစုက အမျိုသားတွေရဲ့ ဦးဆောင်မှုကို လိုလားတာကို တွေ့ရှိရတယ်လို့  Generation Tree အဖွဲ့ရဲ့ မန်နေဂျာ ဒေါ်ဆွေမာဦးက ပြောပါတယ်။

"အဓိကက အမျိုးသမီးထု ကိုယ်တိုင်ကိုက အမျိုးသမီးတွေ ဟိုဟာဖြစ်တဲ့ဟာကို သိပ်အဆင်မပြေတာ ကို တွေ့တယ်ပေါ့နော်။ အမျိုးသားတွေ ဒီအမျိုးသားတွေ ဦးဆောင်တဲ့ဟာကို သူတို့ဘက်က ပိုပြီးတော့ ဦးစားပေးတယ်လို့ ထင်တယ်ပေါ့နော်။ အစ်မတို့စစ်တမ်းက အမျိုးသမီးရော အမျိုးသားရော အရေအတွက် ညီညီ ကောက်ထားတာဆိုတော့လေ သူတို့ကိုယ်တိုင်ကိုက အမျိုးသားတွေကို ပိုပြီးတော့ ဦးဆောင်စေချင်တယ်ဆိုတာကို တွေ့တယ်"

Generation Tree အဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်းစုံမှာရှိတဲ့ ရပ်ကျေးအုပ် ချုပ်ရေးမှူး ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းထားတဲ့ နေရာ ၈၂ ခုမှာ စစ်တမ်းကောက်ယူ ထားတာ ဖြစ်ပါတယ်။

စစ်တမ်းကောက်ယူထားတဲ့ ကြီးကြပ်ရေးအဖွဲ့ဝင် ၄၅၀ မှာ အမျိုးသမီးဦးရေ ၂၆ ယောက်သာ ပါဝင်တာဖြစ်ပြီး စုစုပေါင်းအရေအတွက်ရဲ့ ၆ ရာခိုင်နှုန်းသာ ပါဝင်တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တမ်းအရ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ရာမှာ အများစုက ၃၅ နှစ်အထက် အမျိုးသားတွေ ကိုသာ ရွေးချယ်လိုပြီး အမျိုးသမီးတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်လိုသူ အနည်းစုသာရှိတယ် လို့ ဒေါ်ဆွေမာဦးက ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ ၂၀၁၇ နိုဝင်ဘာလကစပြီး ၅ လအတွင်း ရပ်ကွက်သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကို ရွေးချယ်ဖို့ နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားထားပါတယ်။

အဲဒီ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ စီမံခန့်ခွဲမှုတွေကို အများပြည်သူ သိနိုင်ဖို့အတွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ အချိန်စာရင်းတွေကို တိတိကျကျ သတ်မှတ်ထားသင့်တယ်လို့ Generatio Tree က အကြံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။