ဗစ်တိုးရီးယားအမှု အဂတိကော်မရှင် စောင့်ကြည့်နေ
နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စောင့်ကြည့်နေကြောင်း ကော်မရှင် စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က ပြောပါတယ်။
-
2019-09-21 -
-
-
နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စောင့်ကြည့်နေကြောင်း ကော်မရှင် စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က ပြောပါတယ်။
ဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ ကလေးရဲ့ မိဘတွေက ဒီအမှုမှာ အဂတိလိုက်စားမှုရှိ၊ မရှိစစ်ဆေးပေးဖို့ တိုင်ကြားထားတယ်လို့ နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးသန့်ဇော်က ပြောကြားခဲ့တာပါ။
"ဗစ်တိုးရီးယားနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လည်း ဖြစ်ပေါ်ခဲ့တယ်။ ဒါနဲ့ ပတ်သက်လို့လည်း သတင်းဌာန တော်တော်များများ ရေးကြပြောကြတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ဆေး တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တရားစွဲ အဖွဲ့အစည်းက တရားရုံးကို တရားစွဲဆို တင်ပို့ခဲ့တဲ့အတွက် တရားရုံးမှာ ဆက်လက်ပြီးတော့ တရားစီရင် ဆောင်ရွက်နေပါတယ်။
ကျနော်တို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုလည်း တိုင်ကြားလာခဲ့တာ ရှိပါတယ်။ ဒီဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်အနေနဲ့ စာနာထောက်ထားမှုများစွာနဲ့ ကျနော်တို့ အဂတိလိုက်စားမှု မြောက်၊ မမြောက်၊ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ ငြိစွန်းမှု ရှိ၊ မရှိဆိုတာကို ကျနော်တို့ စောင့်ကြည့် ဆောင်ရွက်လျက်ရှိပါတယ်"
တိုင်ကြားသူတွေက ဘယ်သူ့ကို အရေးယူပေးပါဆိုပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မူတည်ပြီး တိုင်ကြားတာမဟုတ်ဘဲ နစ်နာမှုအပေါ်မှာ စစ်ဆေးပေးဖို့သာ တိုင်ကြားတာ ဖြစ်ကြောင်း ဦးသန့်ဇော်က ပြောပါတယ်။ တိုင်ကြားသူကို တွေ့ဆုံပြီး ရှင်းလင်းခဲ့တယ်၊ လိုအပ်တာတွေ မေးမြန်းထားတယ်လို့လည်း ဆိုပါတယ်။
ဗစ်တိုးရီးယားအမှုကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့မှာ ခုနှစ်ကြိမ်မြောက်ရုံးချိန်းအဖြစ် စစ်ဆေးသွားဖို့ ရှိနေပါတယ်။
အများပြည်သူစိတ်ဝင်စားမှု အားကောင်းတဲ့ ဒီအမှုမှာ ပြစ်မှုကျူးလွန်သူဟာ ကိုအောင်ကြီး ဆိုသူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲချက်ကို ယုံကြည်သူကတော့ နည်းလှပါတယ်။
(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)