လက်ကျန် နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် လွတ်မြောက်ရေး တောင်းဆိုမည်
မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင် အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၆၀ ကျော် လွတ်မြောက်ရေးအတွက် အကျဉ်းသားစာရင်းကို ဒီဇင်ဘာလမတိုင်ခင် နိုင်ငံတော် သမ္မတထံ ပေးပို့သွားမယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက ဒီကနေ့ ပြောပါတယ်။
-
2013-11-23 -
-
-
မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် လွတ်မြောက်ရေးအတွက် အကျဉ်းသားစာရင်းကို ဒီဇင်ဘာလမတိုင်ခင် နိုင်ငံတော်သမ္မတထံ ပေးပို့ သွားမယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက ဒီကနေ့ ပြောပါတယ်။
သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းခေါင်းဆောင်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ ကျင်းပတဲ့အစည်းဝေးမှာ ကော်မတီဝင် ကိုရဲအောင်က RFA ကို ခုလို ပြောကြားခဲ့တာပါ။
“အဓိကကတော့ ကျနော်တို့ ဒီဇင်ဘာလမတိုင်ခင်မှာ စာရင်းတွေစိစစ်ပြီး တင်ပေးနိုင်ဖို့ရယ် နောက်တစ်ခုက လက်ရှိတရားစွဲဆိုထားတဲ့ ပုဒ်မ ၁၈၊ ၅ဝ၅ တွေနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတဆီကို စာရင်းပေးပို့ပြီး ဒါတွေနဲ့ပတ်သက်ပြီး တစ်ခုခုဆောင်ရွက်ပေးဖို့ တင်ပြဖို့ရယ် အဲဒါကိုပဲ ကျနော်တို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်”
အဲဒီနိုင်ငံရေးအကျဉ်းသား စာရင်းထဲမှာ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက် ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် အခုရက်ပိုင်းအတွင်း ထောင်ဒဏ် ၁ လ ချမှတ်ခြင်းခံထားရတဲ့ ကိုဒီငြိမ်းလင်းအပါအဝင် ၆ ဦး လည်းပါဝင်ပါတယ်။ နိုင်ငံတော် သမတ္တဦးသိန်းစိန်အနေနဲ့ ၂၀၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေကို အကုန်လွှတ်ပေးမယ်လို့ ကတိပေးပြောကြားထားပါတယ်။