မြန်မာနိုင်ငံမှာ နျူကလီးယား အစီအစဉ်မရှိကြောင်း ထိုင်းပြောကြား

Wikileaks ပေါက်ကြားခဲ့သလို မြန်မာ နိုင်ငံဟာ မြောက်ကိုရီးယားအကူအညီ နဲ့ နျူကလီးယား အစီအစဉ် ဖော်ဆောင် နေတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ ထိုင်း ဝန်ကြီးချုပ် အဖိဆစ်က စနေနေ့က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ၊ ဟွာဟင်းမြို့တွင် ကျင်းပသော ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် (ဝဲ) အား ထိုင်းဝန်ကြီးချုပ် အဘီဆစ် (ယာ) က လက်ဆွဲ နှုတ်ဆက်နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်တယ်၊ ဒါမှမဟုတ် ထုတ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် အထောက်အထား မရှိကြောင်း၊ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံမှ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးဆိုတဲ့ ရည်မှန်းချက် မရှိကြောင်း၊ အာဆီယံဒေသကို နျူကလီးယား ကင်းလွတ်တဲ့နေရာအဖြစ် တွေ့မြင်လိုတယ်လို့ မြန်မာအစိုးရက အာဆီယံ-အမေရိကန် ထိပ်သီး ညီလာခံတခုမှာ ပြောကြားခဲ့တာ သူ အမှတ်ရကြောင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ နိုင်ငံ လုံခြုံရေးအတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတယ်လို့လည်း မစ္စတာ အဖိဆစ်က ထုတ်ဖော်ပြောဆိုပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ လျှို့ဝှက် ကြေးနန်းတစောင်မှာ နျူကလီးယား အဆောက်အဦ ဆောက်လုပ်ဖို့အတွက် မြောက်ကိုရီးယား ပညာရှင်တွေက ကူညီနေတယ်ဆိုတဲ့ မြန်မာအရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Wikileaks က ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org