ကွယ်လွန်တော့မယ့် အကျဉ်းသားလွတ်မြောက်ရေး
အင်းစိန်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇော်လင်းထွန်းရဲ့ ကျန်းမာရေး အလွန် ဆိုးရွားနေတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
-
2011-09-16 -
-
-
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)
(Photo:RFA/Tyler Chapman)
ကိုဇော်လင်းထွန်းဟာ လောလောဆယ် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ တွေအပြင် အဆုတ်ရောဂါနဲ့ ကျောက်ကပ်ရောဂါ တွေလည်း ခံစားနေရတဲ့အတွက် လအနည်းငယ်လောက်သာ အသက်ရှင် နိုင်တော့မှာ ဖြစ်တာကြောင့် ပြန်လွှတ်ပေးဖို့ တောင်းဆိုရတာ ဖြစ်ကြောင်း အေအေပီပီ ရဲ့တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ကိုစိုးနိုင်က ပြောပါတယ်။
“သူ့ရဲ့ ဆိုးရွားလှတဲ့ ကျန်းမာရေး အခြေအနေကြောင့်ပေါ့ဗျာ။ ထောင်ထဲမှာ နေလာတာကလည်း ၈ နှစ်ရှိပြီ၊ ထောင်ကျတာကလည်း အနှစ် ၂၀ ဆိုတော့ ကျန်းမာရေး အခြေအနေက အတော့်ကို ဆိုးတယ်ဗျာ၊ ဆရာဝန်တွေရဲ့ ပြောပြချက်၊ ကျနော်တို့ သိရှိချက်တွေအရ ခြောက်လလောက်ပဲ ခံမယ်လို့ မှန်းထားကြပါတယ်။ အဲဒါကြောင့် ကျနော်တို့က လူသားချင်း စာနာတဲ့ အနေနဲ့ လွှတ်ပေးဖို့ တောင်းဆိုတာပါ”
ကိုဇော်လင်းထွန်းဟာ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေး ကြိုးပမ်းမှုအတွက် ၂၀၀၃ ခုနှစ်က ထောင်ဒါဏ် အနှစ် ၂၀ ချခံထားရသူ ဖြစ်ပြီး အခုအချိန်အထိ ထောင်ထဲမှာ ၈ နှစ်ကျော် နေခဲ့ပြီးဖြစ်ပါတယ်။
ကိုဇော်လင်းထွန်းကို ပြန်လွှတ်ပေးဖို့ မိခင်ဖြစ်သူက ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သက်ဆိုင်ရာ အာဏာပိုင်တွေထံ တင်ပြခဲ့ကြောင်း ကိုဇော်လင်းထွန်းကို တာဝန်ယူ စောင့်ရှောက်ပေးနေတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းလည်းဖြစ် ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ ဦးဌေးက အခုလို ပြောပြပါတယ်။
“ပြီးခဲ့တဲ့ ၁၅ ရက်နေ့ကတော့ သူ့အမေ လက်မှတ်ထိုးပေးထားတဲ့ လွှတ်ငြိမ်းချမ်းသာခွင့် တောင်းခံတဲ့ စာကို သက်ဆိုင်ရာ ဗဟိုအကျဉ်းထောင် ဦးစီးဌာနဆီ ပေးပို့ပြီး ဖြစ်ပါတယ်။ အဲဒီစာအရတော့ သူတို့ သားအမိ နှစ်ဦးဟာ မသေခင် နောက်ဆုံး အတူနေပြီး ပြုစုလိုပါသဖြင့် မိခင်တဦး အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရဖို့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်”
ကိုဇော်လင်းထွန်းဟာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်က ဖြစ်ပြီး ၁၉၈၈ ခုနှစ် ကတည်းက ဒီမိုကရေစီရရှိရေး အတွက် ကြိုးပမ်းခဲ့တဲ့ ကျောင်းသား တစ်ဦးဖြစ်ပါတယ်။
၁၉၉၁ ကနေ ၁၉၉၇ ခုနှစ်ထိ ပထမတစ်ကြိမ် ထောင်ဒါဏ် ၆ နှစ် ကျခံခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ မိခင်ဖြစ်သူမှာလည်း အသက် ၇၀ ကျော်ပြီး ကျန်းမာရေး မကောင်းတဲ့အတွက် သားဖြစ်သူကို လာမတွေ့နိုင်တာ ၈ နှစ်ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။
ကိုဇော်လင်းထွန်း ကိစ္စနဲ့ပတ်သက်ပြီး စောင့်ရှောက်မှုပေးနေတဲ့ ဦးဌေး နဲ့ ပြည်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တို့ကို ဆက်သွယ်မေးမြန်းပြီး ဦးဇော်မိုးကျော်က စုစည်းတင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |