Myanmar Now ကို လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ဆု Pen Myanmar ချီးမြှင့်

Myanmar Now သတင်းဌာနရဲ့ ဖော်ထုတ်မှုကြောင့် မိုက်ကယ်ကျော်မြင့် ဦးဆောင်တဲ့ UDP ညီညွတ်သော ဒီမိုကရက်တစ်ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်း ခဲ့ပါတယ်။ အဲဒီ ပါတီ အတွင်းရေးကို ဖော်ထုတ်ရေးသားခဲ့တဲ့ Myanmar Now သတင်းဌာနကို Pen Myanmar စာနယ်ဇင်းအဖွဲ့က ၂ဝ၂ဝ ခုနှစ်အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထူးချွန်စွာ ကျင့်သုံးသူများဆု ချီးမြှင့် လိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

pen-myanmar-award

Myanmar Now သတင်းဌာနရဲ့ ဖော်ထုတ်မှုကြောင့် မိုက်ကယ်ကျော်မြင့် ဦးဆောင်တဲ့ UDP ညီညွတ်သော ဒီမိုကရက်တစ်ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီ ပါတီ အတွင်းရေးကို ဖော်ထုတ်ရေးသားခဲ့တဲ့ Myanmar Now သတင်းဌာနကို Pen Myanmar စာနယ်ဇင်းအဖွဲ့က ၂ဝ၂ဝ ခုနှစ်အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထူးချွန်စွာ ကျင့်သုံးသူများဆု ချီးမြှင့်လိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

Myanmar Now အဖွဲ့ကို အခုလို ဆုပေးဖို့ ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး Pen Myanmar အဖွဲ့ရဲ့ ကြေညာချက်မှာ တရားမဝင်ငွေကြေးတွေနဲ့ ထူထောင်ထားပြီး မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားခဲ့တဲ့ UDP ပါတီရဲ့ လျှို့ဝှက်ချက်တွေကို သတင်းကျင့်ဝတ်နဲ့အညီ တင်ပြနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Pen Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ တဦးဖြစ်တဲ့ စာရေးဆရာ မြေမှုန်လွင်က -

“Myanmar Now က အစဉ်တစိုက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို အသုံးပြုပြီး တိုင်းပြည်နဲ့လူမျိုး အကျိုးရှိအောင် ထုတ်ဖော်ရေးသားနိုင်တဲ့ မီဒီယာဖြစ်လို့ပါ။ နောက်ပြီးတော့ သူတို့အတွက် အန္တရာယ်တကယ်များတဲ့ အရာတွေကို ထိတွေ့ရေးတာဖြစ်ပါတယ်။ တော်ရုံသတ္တိနဲ့ ရေးဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ Pen Myanmar က အခုလို ဆုချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။”


Myanmar Now တာဝန်ခံအယ်ဒီတာ ဦးအောင်ရှင် က အခုလိုဆုရရှိဖို့ သူတို့ မျှော်မှန်းလုပ်ဆောင်ခဲ့တာ မဟုတ်ပေမယ့် အသိအမှတ်ပြုခံရတဲ့အတွက် အားတက်မိတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကလည်း ပေါက်ဖွားရှင်သန်စ မီဒီယာလေးတခုပဲလေ။ ဘယ်လုပ်ငန်းမဆို အသိအမှတ်ပြုမှုဆိုတာ လိုပါတယ်၊ အဖွဲ့အစည်းတခုရဲ့အခန်းကဏ္ဍ အားလုံးရဲ့ အခန်းကဏ္ဍ ကို ဒါအသိအမှတ်ပြုတာ။ ကျနော်တို့ အဲဒီလိုပဲ နားလည်ပါတယ်။ ဒါ ဝမ်းသာစရာသတင်းပါပဲ။”


UDP ပါတီသတင်းကို သူတို့ဘယ်လိုလိုက်ခဲ့ပါသလဲ။ ရွေးကောက်ပွဲကို UDP  က ငွေကြေးအကြီးအကျယ်သုံးစွဲ ဝင်ရောက်လာခဲ့တာကို သူတို့ သတိပြုမိခဲ့တယ်လို့ ဦးအောင်ရှင်ကပြောပါတယ်။

“ရွာလေးတွေမှာတောင် နိုင်ငံရေးပါတီ ဆိုင်းဘုတ်တွေရှိတယ် ဆိုတော့ ကျနော်တို့ လိုက်နေတာကြာပြီ။ သတင်းသမားတယောက်အနေနဲ့ ရေးရမယ့် သတင်းဖြစ်တယ်။ လူစိတ်ဝင်စားစရာလည်း ကောင်းတယ်ဆိုတော့ ကျနော်တို့ ဝိုင်းပြီးလိုက်ကြတာပေါ့။ အဲဒီသတင်းက ကျနော်တို့ ၁ လ ကျော် ၂ လ နီးပါးကြာတယ်။ ကျနော်တို့က အဓိက အချက်အလက် စုဆောင်းတာပေါ့နော်။ အယ်ဒီတာချုပ် ကိုဆွေဝင်း အပါအဝင်ပေါ့၊ သူကိုယ်တိုင်လည်း လိုက်တယ်။ သူကိုယ်တိုင်လည်း ရေးတယ်။  နယ်တွေမှာလည်း ကျနော်တို့  သတင်းထောက်တွေရှိတဲ့အခါကျတော့ အဖွဲ့လိုက်လို့ပဲပြောရမှာပေါ့။  အားလုံးပေါင်းရင်း လူ ၁ဝ ဦး ကျော် အနည်းဆုံးလို့ ပြောရမယ်။ အဓိကကတော့ ကိုဆွေဝင်း ကလည်း ဒါကိုအင်တိုက်အားတိုက် ဝိုင်းလုပ်တယ်ပေါ့။ ပုဂ္ဂိုလ်ရေးအရအနေနဲ့တော့ ဘယ်သူ့ကိုမှ နစ်နာစေလိုတာ မရှိပါဘူး။ အဓိက အခက်အခဲကတော့ မြန်မာပြည်မှာတော့ အားလုံးက အကန့်အသတ်ရှိတာပေါ့။ အချက်အလက်တွေ ဘာတွေပေါ့လေ။ ဒီ ဦးကျော်မြင့်အကြောင်းက သိတဲ့အတိုင်း အခုအချိန်အထိလည်း မေးခွန်းပေါင်းများစွာကျန်နေသေးတာပဲလေ။ အမှန်အတိုင်းပြောရရင်၊ ကျနော်တို့ လက်လှမ်းမမှီတာတွေ ရှိခဲ့ပါတယ်။”

စာရေးဆရာ သိုက်ထွန်းသက်က ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးမှာ မီဒီယာတွေရဲ့ ရပ်တည်ချက်ဟာ အင်မတန်အရေးကြီးတယ်လို့ ဝေဖန်ပါတယ်။

“အစိုးရကို ကျနော်တို့က ပြောစရာရှိတာ ပြောရမှာပဲ။ ဒါပေမယ့် အပြောမှန်ဖို့ လိုတယ်။ နိုင်ငံသစ်တည်ဆောက်နေတဲ့အချိန်မှာ ဘာတွေဟာ အနှောင့်အယှက်တွေ ဖြစ်တယ်ဆိုတာကို သတင်းသမားတွေက ဒီလိုများများစားစား ဖော်ထုတ်ပေးမယ်ဆိုရင် တရားဥပဒေစိုးမိုးမှု အပေါ်မှာရော၊ တရားဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်နေတဲ့ အနေအထားတွေပါ အရှိန်တန့်သွားနိုင်တယ်လို့ ယူဆတယ်။ အဲဒါကြောင့် Pen Myanmar က ဒီလို ဆုချီးမြှင့်လိုက်ခြင်းဟာ ဂုဏ်ပြုသင့်သူကို ဂုဏ်ပြုတာဖြစ်သလို နောက်ထပ် ကိုဆွေဝင်းတွေ များများပေါ်ပေါက်လာစေကြောင်းအတွက် လမ်းခင်းပေးလိုက်တာပဲလို့ ကျနော်ယူဆပါတယ်။”

ဒီနေ့မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်အပေါ်  ဦးအောင်ရှင်ရဲ့ သဘောထားက ဘယ်လို ရှိပါသလဲ။

“အတိုင်းအတာတခုထိ အရင်ခေတ်တွေနဲ့ ယှဉ်ရင် လွတ်လပ်ပွင့်လင်းလာတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အားလုံးက အများကြီးဝင်ပြောလို့ရတယ်။ ဒါပေမယ့် လွတ်လပ်မှုပေါ်မှာ မူတည်ပြီး ကျနော်တို့က လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေ လုပ်တဲ့အခါ တကယ်ဖော်ထုတ်ရေးသားပြောတဲ့အခါမှာတော့ အကန့်အသတ်လေးတွေ ရှိတယ်လို့ထင်တယ်။ ဒါကလည်း ဘယ်သူ့ကိုမှ အပြစ်မြင် ပြောတာတော့မဟုတ်ပါဘူး။ ကျနော်တို့ လက်တွေ့မြင်မိတာလေးတွေ ပြောတာပါ။”

အခုရွေးချယ်ခဲ့တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ဆုကို လာမယ့် ဒီဇင်ဘာလကျင်းပမယ့် အခမ်းအနားမှာ Myanmar Now ကို ပေးအပ်ချီးမြှင့်မယ်လို့ Pen Myanmar အဖွဲ့က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org