ကယားမှာ လဝက်အတွင်း အရပ်သား ၈၀ နီးပါး သေဆုံး

၁၁၁၁ စစ်ဆင်ရေးစတဲ့ လဝက်ကျော်အတွင်း ကယားပြည်နယ်မှာ အရပ်သား ၈၀ နီးပါး သေဆုံးခဲ့ပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

၁၁၁၁ စစ်ဆင်ရေးစတဲ့ လဝက်ကျော်အတွင်း ကယားပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်မှာ အရပ်သား ၈၀ နီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) က နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးစတဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၇ ရက်နေ့အတွင်း လက်နက်ကြီးကြောင့် ၃၇ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၄ ဦး၊ ပစ်ခတ်ခံရတာကြောင့် ၁၅ ဦး၊ စုစုပေါင်း ၇၆ ဦး သေဆုံးခဲ့ရတာလို့ KHAI က ဆိုပါတယ်။

သေဆုံးသူတွေရဲ့ တစ်ဝက်နီးပါးဟာ အမျိုးသားတွေဖြစ်ပြီး အမျိုးသမီး၊ အသက်မပြည့်သေးသူနဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ ပါဝင်နေတာကိုလည်း KHAI ရဲ့ စာရင်းမှာ တွေ့ရပါတယ်။

အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ အများဆုံးဖြစ်နေတယ်လို့လည်း KHAI က ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org