အပစ်ရပ်လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေနဲ့ အလားအလာကောင်းတွေ ရှိတယ်လို့ အတိုင်ပင်ခံပြော

NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နိုင်စေမယ့် အလားအလာကောင်းတွေ ရရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၂၁ ရာစု တတိယအကြိမ် ပင်လုံအစည်းအဝေး နောက်ဆုံးရက်မှာ ပြောခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၁ ရာစု တတိယအကြိမ် ပင်လုံအစည်းအဝေး နောက်ဆုံးရက်မှာ တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်စေမယ့် အလားအလာကောင်းတွေ ရရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၂၁ ရာစု တတိယအကြိမ် ပင်လုံအစည်းအဝေး နောက်ဆုံးရက်မှာ ပြောခဲ့ပါတယ်။

အဲဒီအဖွဲ့အစည်း ကိုယ်စားလှယ်တွေဟာ အစိုးရပိုင်း၊ တပ်မတော်ပိုင်း နဲ့ သီးခြားတေ့ွဆုံမှုတွေ ပြုလုပ်ခဲ့ပြီး လွတ်လပ်ပွင့်လင်းစွာ ရင်းနှီးစွာဆွေးနွေး ညှိနှိုင်းနိုင်ခဲ့တဲ့အတွက် ဒီညီလာခံရဲ့ ရလဒ်ကောင်းတစ်ခုဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီညီလာခံမှာ NCA မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ "ဝ" အဖွဲ့၊ ကေအိုင်အေ၊ ကိုးကန့်၊ မိုင်းလား၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရခိုင့်တပ်မတော် စတဲ့ မြောက်ပိုင်းအဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရလဒ်ကောင်း ထွက်နိုင်ဖို့အတွက် လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ အရေးကြီးကြောင်း ပြောခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးဆိုပြီး ကဏ္ဍငါးရပ်ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ လုံခြုံရေးကဏ္ဍကို ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ကြားမှာ တစ်ခုတည်းသော တပ်မတော်ကိစ္စအပါအဝင် လုံခြုံရေးကဏ္ဍမှာ ပါရှိတဲ့အချက်အချို့ ပြေလည်မှုမရသေးတဲ့အတွက် မဆွေးနွေးနိုင်သေးတာပါ။

၆ ရက်ကြာ ကျင်းပခဲ့တဲ့ အစည်းအဝေးတွေအပြီးမှာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝသယံဇာတ ကဏ္ဍတွေက အချက် ၁၄ ချက်ကို ဒီနေ့ ညီလာခံ နောက်ဆုံးနေ့မှာ ပြည်ထောင်စုသဘောစာချုပ် အစိတ်အပိုင်း ၂ အဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံမှာ သဘောတူညီချက် ၃၇ ချက် ရှိထားတဲ့အတွက် အခု ၁၄ ချက်နဲ့ဆိုရင် ၅၁ ချက် ရှိသွားပြီဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်တွေကို ပြည်ထောင်စုသဘောတူညီချက်အဖြစ် အနီးဆုံးကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်မှာဖြစ်ပါတယ်။

တတိယအကြိမ် ညီလာခံကို ညီလာခံကိုယ်စားလှယ် ၇၀၀ ကျော်၊ ဖိတ်ကြားသင့်သူ ၂၉ ဦး၊ လေ့လာသူ ၁၀၄ ဦး၊ အကျိုးဆောင်အဖွဲ့ ၂၇ ဦးအပါအဝင် အထောက်အကူပြု အဖွဲ့တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org