ရန်ကုန်မြို့ခံတွေ လျှပ်စစ်မီးပြတ်တောက်မှုဒဏ် အဆိုးဆုံးခံနေရ
၂၀၂၄ ဒီနှစ်ဆန်းက အာဏာသိမ်း သုံးနှစ်ကျော်အတွင်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အဆိုးဆုံးပဲလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
- 2024-05-20
-
-
-
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်တဲ့ဒဏ်ကို ပြည်သူတွေ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေကြရပါတယ်။ ၂၀၂၄ ဒီနှစ်ဆန်းက အာဏာသိမ်း သုံးနှစ်ကျော်အတွင်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အဆိုးဆုံးပဲလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
"ဘာမှလည်း အလုပ်လုပ်လို့ မရဘူး။ ပြတ်လိုက်တဲ့မီး ပြောမနေနဲ့တော့။ ဒီနှစ်က ပိုဆိုးတယ်။ ရာသီဥတုကလည်း ဒီနှစ်ပိုပူတယ်၊ မီးပြတ်တာလည်း ဒီနှစ်ပိုပြတ်တယ်။ အသက်ကြီးတဲ့သူတွေဆိုလည်း ညဘက်မအိပ်ရ၊ ကလေးငယ်တွေဆိုလည်း တဂျီဂျီနဲ့ ငိုကြ၊ ပူလို့။ မအေတွေက ယပ်တွေခပ်ပေးရ၊ တော်တော် စိတ်ဆင်းရဲဖို့ ကောင်းတယ်"
ရာသီဥတုပူပြင်းတဲ့ကာလမှာ မီးပြတ်ချိန်တွေများလို့ နောက်ဆက်တွဲကြုံရတဲ့ အခက်အခဲတွေကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က အိမ်ရှင်မတစ်ဦး ပြောသွားတာပါ။
စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရဲ့ တစ်ဝက်ကိုသာ မီးပေးနိုင်တယ်လို့ ဒီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့မှာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပေးနေတယ်လို့ ကြေညာထားပေမဲ့လည်း အချိန်မှန် မပေးနိုင်သလို အပြည့်အဝလည်း မီးမရဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။
ဧပြီလကစပြီး ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ နာရီအတော်ကြာ လျှပ်စစ်မီးပြတ်တောက်တာတွေ နေ့စဉ်ရက်ဆက်ဖြစ်နေတာပါ။ ဒါကြောင့် အချိန်အတော်ကြာမီးပြတ်တာကို မကျေနပ်တဲ့ ရေးသားချက်တွေ လူမှုကွန်ရက်မီဒီယာမှာ နေ့စဉ်မြင်တွေ့နေရပါတယ်။
လူဦးရေ ခုနစ်သန်းနီးပါး နေထိုင်တဲ့ ရန်ကုန်တိုင်းအတွင်းက အထပ်မြင့်တိုက်ခန်းကျဉ်းလေးတွေထဲမှာ မိသားစုဝင်များသူတွေ စုနေကြတာ များပါတယ်။
မီးပုံမှန်မရတဲ့အတွက် နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးတွေ ထိခိုက်ရတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေက RFA ကိုပြောပါတယ်။
တစ်နေ့ကို အနည်းဆုံး လေးနာရီလောက်တောင် မီးမှန်မှန်မလာလို့ စီးပွားပျက်နေရတယ်လို့ အလှပြင်ဆိုင်ဖွင့်ထားတဲ့ ရန်ကုန်မြို့ခံ မသီရိအောင်က ပြောပါတယ်။
"မီးစက်မဝယ်နိုင်ဘူး။ မီးစက်မဝယ်နိုင်တဲ့အခါကျတော့ အခုလို မီးလာတာမမှန်တဲ့အချိန်မှာ မီးကိုအားကိုးလို့ မရတော့ဘူး။ ဆိုင်ကိုလာနေကျ ဖောက်သည်တွေကလည်း မီးလာချိန် မှန်းလာခဲ့ကြပေမဲ့ တစ်ခါတလေကျလို့ရှိရင် စိတ်မချရဘူးပေါ့နော်၊ မီးစက်ရှိတဲ့ဆိုင်တွေကိုပဲ သွားကြတော့တယ်။ မီးပြတ်တာတွေ အရမ်းများနေတဲ့အတွက်ကြောင့် ဆိုင်လာနေကျသူတွေ တော်တော်လျော့သွားတယ်။ ဒီမီးကြောင့် စီးပွားရေးလည်း တော်တော်လေး ထိခိုက်ရပါတယ်"
မီးဘယ်လောက်ပဲပြတ်ပြတ် ဆောင်ရတဲ့ မီတာခကတော့ လျော့မသွားဘူးလို့ သူက ဆက်ပြောပါတယ်။
လျှပ်စစ်မီးကို အားထားလုပ်ကိုင်ရတဲ့ ရန်ကုန်မြို့က ရေခဲစက်လုပ်ငန်းရှင် ကိုရဲထက်ကလည်း အချိန်အတော်ကြာ မီးပြတ်တာကြောင့် အလုပ်လုပ်မရတော့လို့ ဝယ်ထားတဲ့ရေခဲစက်တွေ ပြန်ရောင်းနေရပါတယ်။
"တစ်နိုင်တစ်ပိုင်လုပ်တဲ့သူတွေကတော့ မီးမရရင် လုံးဝအဆင်မပြေဘူးဗျ။ ရေခဲ ခဲဖို့အချိန်က မီးလာချိန် ရှစ်နာရီလောက်မှ အဆင်ပြေတာ။ ခြောက်နာရီလောက် မီးကလာပေးတယ်ဆိုရင် ကိုယ့်ဘက်က မီးစက် နှစ်နာရီလောက်သုံးလိုက်ရင် လုပ်ငန်းက လည်ပတ်လို့ရသေးတယ်။ လျှပ်စစ်မီး အားကိုးလုပ်နေရတဲ့ ရေခဲစက်လုပ်ငန်းဟာ နှစ်နာရီ၊ သုံးနာရီလောက်လာတဲ့မီးနဲ့ လုံးဝအဆင်မပြေဘူးလေ။ အလုပ်လည်းမဖြစ်ဘူး။ အဲဒါကြောင့်မို့ ရေခဲစက်လုပ်ငန်းသမားတွေ စက်တွေကိုပြန်ရောင်းပစ်နေကြရတာ"
စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ရန်ကုန်ကို လျှပ်စစ်မီး ၄၆ ရာခိုင်နှုန်း၊ မန္တလေးကို ၁၆ ရာခိုင်နှုန်းနဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ၃၈ ရာခိုင်နှုန်း အချိုးကျ ခွဲဝေထားတယ်လို့ ဖော်ပြထားပါတယ်။
"၂၄ နာရီ မီးရနိုင်တဲ့နေရာမျိုးတောင် ရှိနေနိုင်တယ်ဆိုလို့ရှိရင် အစိုးရ ထုတ်ပြန်ကြေညာထားတဲ့အတိုင်း ပြည်သူလူထုကို မီးပေးရမယ်ဆိုတဲ့အချိန်မှာ ပြည့်ပြည့်ဝဝ ပေးဖို့လိုတယ်"
သက်ဆိုင်ရာဌာနတွေက ကြေညာထားတဲ့အတိုင်း မီးပေးရမဲ့အချိန်မှာတောင် ပြည့်ပြည့်ဝဝ မီးမပေးနိုင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ပြောပါတယ်။
"ရန်ကုန်မြို့တစ်ခုလုံးက သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်ကြေညာထားသလို ဖြစ်မနေဘူး။ ပြတ်ချိန်က မှန်မှန်ပြတ်တယ်။ ဒါပေမဲ့ လာချိန်မှာ မလာဘူး။ ဒါက ပြည်သူလူထုရဲ့အခွင့်အရေး၊ အခြေခံရပိုင်ခွင့်ကို သက်ဆိုင်ရာဌာနတွေက မသိကျိုးကျွန်ပြုပြီးတော့ လျစ်လျူရှုထားသလိုဖြစ်နေတယ်လေ။ လုံးဝလည်း လက်သင့်ခံလို့မရတဲ့ကိစ္စ ဖြစ်တယ်။ ၂၄ နာရီ မီးရနိုင်တဲ့နေရာမျိုးတောင် ရှိနေနိုင်တယ်ဆိုလို့ရှိရင် အစိုးရ ထုတ်ပြန်ကြေညာထားတဲ့အတိုင်း ပြည်သူလူထုကို မီးပေးရမယ်ဆိုတဲ့အချိန်မှာ ပြည့်ပြည့်ဝဝ ပေးဖို့လိုတယ်။ ရပိုင်ခွင့်ကို ညီညီမျှမျှ ပေးစေချင်တယ်"
လျှပ်စစ်မီးပြတ်တောက်တဲ့ဒဏ်ကို လူတန်းစားပေါင်းစုံ ရင်ဆိုင်နေကြရတယ်လို့ ရန်ကုန်မြို့က ကွန်ဒိုတိုက်ခန်းမှာနေတဲ့ စီးပွားရေးသမားတစ်ဦးက ပြောပါတယ်။
"နာရီဝက်လောက်ပဲလာတယ်။ လာပြီးရင် ခြောက်နာရီလောက်ပြတ်သွားတယ်။ ပြတ်သွားတဲ့အချိန်တွေမှာဆိုရင် အထပ်မြင့်မှာနေတာဆိုတော့ တကယ်လို့ မီးစက်မမောင်းဘူးဆိုရင် အထပ်မြင့်မှာနေတဲ့သူတွေက ဘယ်လိုမှ အပေါ်တက်၊ အောက်ဆင်းလို့ အဆင်မပြေဘူး။ မီးနဲ့ပတ်သက်ပြီးတော့၊ အခြေခံလူတန်းစားတွေ ဒုက္ခရောက်သလိုမျိုးပဲ ကျွန်တော်တို့ စိတ်ဒုက္ခရောက်ရတယ်။ ကျောင်းသွား ကျောင်းပို့တို့၊ ကျန်းမာရေးကိစ္စသွားတာတို့ အရမ်းဒုက္ခရောက်ရပါတယ်"
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေတာကြောင့် ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
အခုတစ်နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှာတော့ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်လောက်ရှိပေမဲ့ လက်တွေ့မှာ တစ်ရက်ကို ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ပဲ ထုတ်လုပ်နိုင်လို့ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းသာ မီးပေးနိုင်တယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။