နယ်စပ်တစ်နေရာက အနုပညာနဲ့တော်လှန်နေတဲ့ တယောသမား

အာဏာသိမ်းကာလ လေးနှစ်နီးပါး ကြာလာပေမဲ့ နယ်ပယ်အသီးသီးက လူငယ်တွေဟာ နိုင်ရာဝန်ကိုထမ်းရင်း တော်လှန်ရေးခရီးကို ဆက်လျှောက်နေကြပါတယ်။

တယောပညာရှင် ကိုဖိုးစံအား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ရစဉ်။ .

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို နယ်ပယ်အသီးသီးကလူတွေ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့အထဲမှာ တယောပညာရှင် ကိုဖိုးစံလည်း အပါအဝင်ပါ။

အာဏာသိမ်းအစောပိုင်းကာလ မြို့ပြဆန္ဒပြပွဲတွေမှာ ခံယူချက်တူ တယောသမားတွေစုစည်းပြီး တယောသံတွေနဲ့ အာဏာရှင်ကို ဆန့်ကျင်ခဲ့သလို လက်ရှိအချိန်မှာလည်း ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ဇနီးသည်၊ သားသမီးနှစ်ဦးတို့နဲ့အတူ နေထိုင်ပြီး တယောအနုပညာနဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေဆဲဖြစ်ပါတယ်။

"လက်ရှိ စားဝတ်နေရေးအတွက် တယော online class သင်ရတယ်။ အချိန်ပြည့် မသင်ဘူး။ အချိန်ပြည့် ပိုက်ဆံရှာလိုက်ရင် တော်လှန်ရေးနဲ့ ပတ်သက်တာတွေမှာ လစ်ဟင်းသွားမှာဆိုတော့ တစ်ဝက်ကို ဝမ်းရေးအတွက် online သင်ပြီး ကျန်တဲ့အချိန်မှာ ရဲဘော်တွေ တပ်ရင်းရန်ပုံငွေအတွက် တီးပေးတယ်။ ရံဖန်ရံခါ တော်လှန်ရေး ရန်ပုံငွေပွဲတွေမှာ ပါဝင်တယ်"

တယောပညာရှင် ကိုဖိုးစံအား လွတ်မြောက်နယ်မြေတစ်နေရာတွင် တွေ့ရစဉ်။

ဒါ့အပြင် နိုင်ငံရေးအခြေအနေကြောင့် တိမ်းရှောင်လာရတဲ့ မိသားစုဝင်တွေရဲ့ သားသမီးတွေအတွက် ပညာဒါနတွေ ပြုလုပ်ပေးနေတဲ့ ထိုင်း-မြန်မာနယ်စပ်က စင်တာတစ်ခုမှာလည်း စေတနာ့ဝန်ထမ်းလုပ်နေသလို နိုင်ငံတကာပွဲတွေ ဖိတ်ကြားခံရတဲ့အခါလည်း မြန်မာနိုင်ငံအရေးကို နိုင်ငံတကာသိအောင် တယောပညာနဲ့ ဖော်ထုတ်ပြသနေသူပါ။

ပွဲတွေမှာ ဖျော်ဖြေတဲ့အခါ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပုံရိပ်တွေကို တယောအသံနဲ့ပေါင်းပြီး ဖန်တီးဖြစ်တယ်လို့ ပြောပါတယ်။

"သွားဖို့ အခွင့်အရေးတစ်ခု ရလာတယ်။ ဂီတနဲ့ ပြသခွင့် ရလာတယ်။ အဲဒါလည်း ဒီနှစ်မှပါ။ တီးခွင့်ရတဲ့အချိန်မှာ အစ်ကို ဘာလိုချင်တာလဲဆိုတော့ အနည်းဆုံးတော့ အသံပေါ့။ ကျွန်တော်တို့ အသံကို လူတွေကြားဖို့လိုတယ်။ သိပြီးသားဆိုရင်လည်း ထပ်ပြီး သိဖို့လို့တယ်။ တယောထိုးတဲ့သူဆိုပေမဲ့ ကိုယ်တီးချင်တာ မတီးဘူး၊ မြန်မာ့ဂီတက ဘာလဲ။ မြန်မာ့ဂီတရဲ့အသံ တယောသံ၊ မြန်မာသီချင်းက ဒါပါလားဆိုတာ ပြချင်တယ်။ အဲဒီသီချင်းသည်လည်း တော်လှန်ရေးနဲ့ တိုက်ရိုက်မဆိုင်တောင်မှ ဆက်နွယ်နေရမဲ့ဟာမျိုးပေါ့။ လက်ရှိမှာ ဖြစ်နေတဲ့ စစ်ကောင်စီလေယာဥ်ပျံနဲ့ ဗုံးကြဲနေတာတွေ၊ အခုရေကြီးနေတဲ့ကိစ္စတွေ၊ လက်ရှိ ပြည်သူ ဘယ်နှယောက် သေသွားပြီလဲ။ ရွာ ဘယ်နှရွာ ပျက်စီးသွားပြီလဲ၊ စစ်ဘေးရှောင်တွေ ဘယ်လောက်များလာပြီလဲ။ ဒီအချက်အလက်တွေကို ပြချင်တယ်။ ဖြစ်နေတဲ့ပုံတွေကို ပြချင်တယ်။ အဲဒါတွေကို အသံနဲ့ပေါင်းတယ်"

တယောဂီတနဲ့ပေါင်းစပ်ပြီး မြန်မာနိုင်ငံအကြောင်းကို ပြောပြတဲ့အခါ နိုင်ငံခြားသားပရိသတ်တွေတောင် မျက်ရည်ကျတဲ့အထိ ဂီတနဲ့ လူတွေရဲ့ စိတ်နှလုံးကို ကိုင်လှုပ်နိုင်ခဲ့သလို ထိရောက်တဲ့သတင်းစကားတွေ ပါးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဂီတ၊ ရုပ်ရှင် ဒါတွေဟာ လိုချင်တဲ့ သတင်းစကားကို ပေးနိုင်တယ်။ လူတွေကို စုစည်းပေးနိုင်တယ်။ ဒါနဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာနိုင်တယ်။ အများကြီးလုပ်လို့ရတယ်"

လက်ရှိတော်လှန်ရေးကြီးမှာ စစ်လက်နက်ပစ္စည်းတွေအရေးပါသလို အနုပညာကလည်း ထိရောက်တဲ့ လက်နက်တစ်ခုလို့ ကိုဖိုးစံက ယုံကြည်ပါတယ်။

"အနုပညာနဲ့ အများကြီးလုပ်နိုင်တယ်၊ သီချင်းတစ်ပုဒ်နဲ့။ ဒီသီချင်းတွေက လူအုပ်ကြီးတွေရဲ့ အသံကိုစုပြီးလေ။ ဒါ အနုပညာ soft power ရဲ့ အားပဲ။ အဲဒီအသံကပဲ အာဏာရှင်ကို ကြောက်ဒူးတုန်စေတာ။ ဒီရဲ့ ခွန်အားက သိပ်ကြောက်ဖို့ကောင်းတယ်။ ဂီတ၊ ရုပ်ရှင် ဒါတွေဟာ လိုချင်တဲ့ သတင်းစကားကို ပေးနိုင်တယ်။ လူတွေကို စုစည်းပေးနိုင်တယ်။ ဒါနဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေရှာနိုင်တယ်။ အများကြီးလုပ်လို့ရတယ်"

နယ်စပ်မှာနေထိုင်ရင်း တော်လှန်ရေးမှာရော အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ပါ တာဝန်ကျေချင်သူမို့ ပိုရုန်းကန်ကြိုးစားရပေမဲ့ ဇနီးသည်က ပါရမီဖြည့်ပေးနေတဲ့အတွက် လုပ်ချင်တာကို စိတ်ဖြောင့်ဖြောင့် လုပ်ခွင့်ရတယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် ဇနီးကို ကျေးဇူးအရမ်းတင်တယ်လို့လည်း သူက ပြောပါတယ်။

"ပြောရရင်တော့ ကိုယ်က အတ္တကြီးတာ။ ကိုယ်လုပ်ချင်တာတွေပဲ လုပ်ခဲ့တာပေါ့နော်။ ကျေးဇူးတင်တာက အမျိုးသမီးက တချို့တာဝန်တွေ အများကြီး သူယူလိုက်တယ်။ အစတည်းက သူက တယောပဲကျင့်၊ ကျန်တာ သူလုပ်မယ်ဆိုပြီး ပါရမီဖြည့်ပေးတယ်။ ငါဒါလုပ်ရတယ် နင်လည်း ဒါလုပ်ဆိုရင် ဒီလိုမျိုး လုပ်နိုင်မယ်မထင်ဘူး။ နောက်ကနေ ကျားကန်ပေးထားတာပေါ့နော်။ ကလေးတွေနဲ့ ပတ်သတ်တာတွေကိုလည်း အဲဒီလို ကူပေးနေတာဆိုတော့ ဒီဘက်မှာ အများကြီး ဝန်ပေါ့သွားတယ်။ စိတ်ဖြောင့်ဖြောင့်လုပ်လို့ရတယ်။ မဟုတ်ရင် လုပ်နိုင်မှာမဟုတ်ဘူး။ ကျေးဇူးတင်ရပါတယ်"


ဆက်နွှယ်သောသတင်းများ

အနုပညာနဲ့ တော်လှန်ရေး လုပ်နေကြသူများ

ထောက်ပို့လုပ်နေတဲ့ သင်္ဘောသားတစ်ယောက်

ငြိမ်းချမ်းချင်လို့ စစ်တိုက်သူ


မပြီးမချင်း ဆက်လျှောက်ရမဲ့ ခရီးရှည်ကြီးမှာ တချို့ လမ်းခုလပ်မှာတင် ရပ်တန့်သွားတာ မြင်တွေ့နေရပေမဲ့ ကိုယ်တိုင်ကတော့ အဆင်မပြေမှုတွေ ကြုံတွေ့နေရင်တောင် တော်လှန်ရေးကို စွန့်ခွာသွားမှာမဟုတ်ဘူးလို့လည်း တယောကိုဖိုးစံက ဆိုပါတယ်။

"ကျွန်တော်တို့ နစ်နေရင်တောင်မှ တော်လှန်ရေးကို ကျွန်တော်တို့နစ်တဲ့အတိုင်း မနစ်စေချင်ဘူး။ ပုတ်ချသွားမှာ၊ ဆွဲချသွားမှာ လုပ်မှာမဟုတ်ဘူး။ အဆုံးထိ အဆင်မပြေသည့်တိုင်အောင် ဒါကို ကိုင်ဆွဲထားမဲ့လူမျိုး ဖြစ်ချင်တယ်။ ကိုယ့်ရဲ့ ခံယူချက်ပါ"

ပုံမှန်ဘဝနေထိုင်မှုနဲ့ အသက်မွေးဝမ်းကျောင်းတွေကို စွန့်ခွာလာပြီး တိုင်းပြည်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ကြိုးစားနေကြသူတွေတိုင်းမှာ အနာဂတ် အိပ်မက်ကိုယ်စီ ရှိနေပါတယ်။

တယောကိုဖိုးစံကတော့ ဒီတော်လှန်ရေးကြီးပြီးသွားတဲ့အခါ ပုံမှန် တယောသမားလေးဘဝနဲ့ ပြန်လည်တည်ဆောက်ရေးပိုင်းမှာ နိုင်ရာကူသွားချင်တဲ့ အိမ်မက်လေးရှိတယ်လို့ ဆိုပါတယ်။

"တော်လှန်ရေး ပြီးသွားရင် နဂိုတည်းက တယောဆရာလေးဘဝက လာတာဆိုတော့ ဒါလေးပဲ ဆက်လုပ်ဖြစ်နေမှာ။ တည်ဆောက်ရမဲ့ကိစ္စတွေမှာတော့ ရလာတဲ့ အတွေ့အကြုံတွေ၊ သိခဲ့တာတွေနဲ့ နိုင်သလောက် ဂီတဆိုလည်း ဂီတအလျှောက် ပါဝင်မယ် စိတ်ကူးထားတယ်"

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org