အမေရိကန်မှာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ပျော်ရွှင်နေသူ
လေးဧကကျယ်တဲ့သူ့ရဲ့ Zaw Farm ကို ၂၀၂၂ ခုနှစ်မှာ ရာသီပေါ်သီးနှံတွေ စတင်စိုက်ပျိုးခဲ့ပါတယ်။ ဝင်ငွေရဖို့ မသေချာသေးတဲ့ စိုက်ပျိုးရေးလုပ်ကိုင်ဖို့ စွန့်စားပြီး သူရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
-
စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2024-06-28 -
-
-
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ကိုယ်ပိုင်စိုက်ခင်းတွေနဲ့ပျော်မွေ့နေသူကတော့ ကိုဇော်နိုင်ပါ။ အမေရိကန်မှာ ဆယ်စုနှစ်တစ်ခုဝန်းကျင်နေထိုင်ပြီးနောက် သူ့အိပ်မက်တွေဖြစ်တဲ့ စိုက်ပျိုးရေးခြံကို သူစတင်အသက်သွင်းခဲ့ပါတယ်။ လေးဧကကျယ်တဲ့သူ့ရဲ့ Zaw Farm ကို ၂၀၂၂ ခုနှစ်မှာ ရာသီပေါ်သီးနှံတွေ စတင်စိုက်ပျိုးခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို စရောက်ခဲ့ချိန်က မီနီဆိုးတားပြည်နယ်မှာ အခြေချခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ စိုက်ပျိုးရေးခြံကို အကောင်အထည်ဖော်ဖို့ ကယ်လီဖိုးနီးယားပြည်နယ် ဖရန်ဆိုမြို့လေးကို သူပြောင်းရွှေ့ခဲ့ပါတယ်။ ဝင်ငွေရဖို့ မသေချာသေးတဲ့ စိုက်ပျိုးရေးလုပ်ကိုင်ဖို့ စွန့်စားပြီး သူရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
“အဓိကပြောရရင် ဝါသနာပဲနော်။ ဝါသနာပါတာကို ကိုယ့်ဝါသနာလေးနဲ့ ကိုယ်စီးပွားရေးလေးတစ်ခု လုပ်ကြည့်မယ်ပေါ့နော်။ အဲဒီလိုမျိုးစဉ်းစားပြီးတော့ လုပ်ကြည့်တာ။ အဓိက ဒီအလုပ်က ပြောရမယ်ဆိုရင် ပင်ပန်းတယ်။ နေပူတယ်။ တော်ရုံတန်ရုံ ဝါသနာမပါဘဲနဲ့တော့ မလုပ်နိုင်ဘူး။ အလုပ်သွားလုပ်ရင် အေးဆေးပေါ့နော်။ ပုံမှန်လေးပေါ့။ နှစ်ပတ်တစ်ခါ လစာထွက်နေမယ်။ မနက်သွားလိုက် ညနေပြန်လိုက်၊ ညဆိုလည်း ညသွားလိုက် မနက်ပြန်လိုက်နဲ့ ပုံမှန်လေးလည်နေကြတယ်။ ဒီဟာကတော့ ဒါက ပြောမယ်ဆိုရင် တကယ့် Risk ပဲ။ ဘယ်လောက်ရမလဲ။ အောင်မြင်မလား မအောင်မြင်ဘူးလား။ စိုက်နေရင်းနဲ့ပဲ အမျိုးမျိုးဖြစ်နိုင်တယ်”
သူဝါသနာပါတဲ့ စိုက်ပျိုးရေးကို လုပ်ကိုင်ဖို့အတွက် ရာသီဥတုကောင်းမွန်တဲ့ ဖရန်ဆိုမြို့ကို ပြောင်းရွှေ့ခဲ့ပြီး စိုက်ပျိုးမြေငှားရမ်းဖို့အတွက် အခက်အခဲကြုံခဲ့ရပေမယ့် အလုပ်လုပ်ရတာပျော်မွေ့နေတယ်လို့ ဆိုပါတယ်။
“ပျော်တယ်။ ဒီအလုပ်လုပ်ရတာလေ။ ကိုယ်က ကြိုက်တာကိုး။ ဒါကို လုပ်ချင်တာ။ ငယ်ငယ်လေးကတည်းက ဒါကို လုပ်ချင်တာ။ ငယ်ငယ်ကဆိုရင် နယ်တွေဘာတွေသွားရင် အဲဒီလို စိုက်ခင်းတွေဘာတွေတွေ့ရင် တအားပျော်တာ။ ကြည့်ချင်တယ် လုပ်ချင်တယ်။ အခွင့်အရေးက မရခဲ့ဘူး လုပ်ဖို့ဆိုတာ မြန်မာပြည်မှာက။ ဒီမှာကျတော့ ဒါကို မဖြစ်မနေ တစ်နေ့တော့ ဒါကို ရအောင်လုပ်မယ်ဆိုတဲ့ စိတ်က ရှိနေတော့ ဒါကိုလုပ်ဖြစ်တာပေါ့”
အမေရိကန်ပြည်ထောင်စုက စျေးကွက်ရနိုင်မယ့် သီးနှံတွေစိုက်ပျိုးရင်း စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ပညာရပ်တွေကိုလည်း လေ့လာရင်း သူ့ခြံလေးကို ထပ်တိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းက ပင်ပန်းတာကြောင့် အချိန်ပိုင်း အလုပ်သမားသာရှိပြီး အဓိက သူတစ်ယောက်တည်း စိုက်ပျိုးလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
ရင်းနှီးထားတဲ့စိုက်ပျိုးစရိတ်ရနိုင်ဖို့နဲ့ ရေရှည်ရပ်တည်သွားနိုင်ဖို့အတွက် လက်ရှိမှာ သူကြိုးစားနေရဆဲလို့ ဆိုပါတယ်။
“ရေရှည်တည်တံ့ဖို့ကတော့ ဒီနေ့စိုက်တဲ့ဟာက ဒီနေ့ကုန်ကျစရိတ်ကိုပြန်ပြီး ကာမိရမယ်။ ကိုယ့်ရဲ့အလုပ်သမားခ ပြန်ရပြီဆိုရင် နောက်နှစ်ပြန်စရမယ်။ ဒီနေ့နည်းရင် နောက်နှစ်ပြန်စဖို့ ခက်ခဲသွားရော။ အဲဒီတော့ နှစ်တွေကြာသွားရော ပိုပြီးစုဖြစ်ရင်တော့ တစ်နှစ်တလေ အခန့်မသင့်ဖြစ်သွားရင် ကိုယ် cover လုပ်လို့ရတယ်။ ဒီနှစ်ကောင်းကောင်းမွန်မွန်ဆို နောက်နှစ်ကောင်းကောင်းမွန်မွန် ပြန်လုပ်နိုင်တာပေါ့။ ကိုယ်က ဒါနဲ့ ဒီဥစ္စာကိုလုပ်မယ်လို့ ဆုံးဖြတ်ထားပြီးပြီဆိုတော့လည်း ဖြစ်အောင် ဆက်သွားရမှာပေါ့”
Zaw Farm ကထွက်တဲ့ သီးနှံတွေကို အပျက်အစီး အလေအလွင့်မရှိဘဲ စျေးကွက်တင်ပို့နိုင်နေပါပြီ။ စျေးကွက်ရနေတဲ့ သူ့သီးနှံတွေနဲ့အတူ ရေရှည်တည်တံ့တဲ့ စီးပွားရေးတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့တော့ သူနေ့စဉ် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
“ဒီမှာကပြောမယ်ဆိုရင် စျေးကွက်က ရှိထားပြီးသား။ ပြောရမယ်ဆိုရင် ဒီအသီးအနှံတွေက ကိုယ်သာ အောင်မြင်အောင်စိုက် ဝယ်မယ့်သူက ရှိပြီးသား။ ကိုယ့်ပစ္စည်းတွေ ပုပ်သွားမှာ မကြောက်ရဘူး။ လွှင့်ပစ်ရမှာလည်း မကြောက်ရဘူး။ အဲတစ်ခုတော့ ကောင်းပါတယ်။ အဲဒါတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီ Farm ကလည်း ထင်သလောက်ကြီးတော့ အများကြီး မြတ်တယ်လည်းမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရာသီဥတုအခြေအနေရယ်။ အပင်တွေကြီးထွားနှုန်းပေါ်မူတည်ပြီးတော့မှ။ ပြီးတော့ ကိုယ်ကလည်း လုပ်နိုင်မှ၊ အကုန်လုံးကို အလုပ်သမားကြီးပဲ ခေါ်လုပ်လို့ကတော့ ဘာမှမကျန်ဘူး။ ကိုယ့်ဘာသာလုပ်တဲ့ ကိုယ့်လုပ်အားခပေါ့။ အဲဒီလို ပြန်ရတာပေါ့။ နှစ်ကုန်တော့မှ ကိုယ့်လုပ်အားခနဲ့ ဘယ်လောက်မြတ်လည်းဆိုတာ ချိန်ရတာပေါ့။ အခုလုပ်နေတာတော့ ကိုယ့်လုပ်အားခပေါ့။ အဲဒီအတွက် ပြန်ရဖို့အတွက်ပေါ့”
စျေးကွက်အနေအထားအရ ရာသီဥတုနဲ့အညီ စိုက်ပျိုးသီးနှံတွေကို တစ်လှည့်စီစိုက်ပျိုးရင်း မြန်မာလူမျိုးတွေရဲ့အကြိုက် ချဉ်ပေါင်ကိုလည်း သူစိုက်ပျိုးနေတာပါ။ ကယ်လီဖိုးနီးယားတစ်ဝိုက်က မြန်မာလူမျိုးတွေ သူ့ရဲ့ ခြံထဲ ကိုယ်တိုင်ခူးနိုင်တဲ့အထိ သူကြိုးစားနေပါတယ်။
“အဲဒီတော့ ကိုယ့်ရဲ့ မြန်မာပရိသတ်တွေက ဘယ်လိုမျိုးရှိလာနိုင်လဲဆိုပြီး လုပ်ကြည့်လိုက်တာပေါ့။ မြန်မာပရိသတ်တွေကလည်း တော်တော်များများကို ဝယ်လိုအားက အတော်များများရှိပါတယ်။ မြန်မာပရိသတ်က ဝယ်လိုအားလည်းရှိတယ်။ ပြီးတော့ အပြင်ဒိုင်တွေကို ပို့ဖို့ကလည်း ဒိုင်တွေလည်း အများကြီးပဲ။ ဒိုင်တွေကလည်း ဘယ်လောက်စိုက်နိုင်မလဲ။ စိုက်နိုင်မလား လာခဲ့။ ယူမယ်ဆိုတာချည်းပဲ။ ဒါပေမဲ့ စျေးကတော့ ပေါက်စျေးပေါ်မူတည်ပြီးတော့ နေ့စဉ် ပေါက်စျေးပေါ်မှာ ရောင်းရတာဆိုတော့ နည်းရင်လည်း နည်းမယ်။ များရင်လည်း များမယ်။ ဒါကတော့ ဘယ်လိုမှပြောလို့မရဘူးပေါ့နော်”
တိုင်းတစ်ပါးမြေမှာ ဝါသနာပါတဲ့ စိုက်ပျိုးသီးနှံတွေကို စိုက်ပျိုးရင်း တစ်ဖက်ကနေ အမိမြေကို အလွမ်းဖြေရင်း ကိုဇော်နိုင်တစ်ယောက် သူ့ရဲ့ Zaw Farm လေးမှာ တစ်နေ့တစ်နေ့ ပျော်ရွှင်နေခဲ့ပါပြီ။ သူစိုက်ပျိုးထားတဲ့ အပင်လေးတွေ ဖြစ်ထွန်းအောင်မြင်အောင် စနစ်တကျစိုက်ပျိုးရင်း အိမ်နောက်ဖေး စျေးဆိုင်တည်ရာကနေ သီးနှံစိုက်ခင်းပိုင်ရှင်အဖြစ် အမေရိကန်ပြည်ထောင်စုမှာ သူရပ်တည်လို့ နေနေပါပြီ။ သူ့လို ကိုယ်ဝါသနာပါရာကို လုပ်ကိုင်ဖို့အတွက် ပြင်းပြတဲ့စိတ်နဲ့သာ လုပ်ကိုင်မယ်ဆိုရင် အောင်မြင်မှုရမယ်လို့ ကိုဇော်နိုင်က အကြံပေးထားပါတယ်။