ရှမ်းမြောက်ဒေသက ထွက်ပြေးလာသူတွေ လားရှိုးမြို့ပြင်မှာ အကူအညီလိုအပ်နေ
လောက်ကိုင်မြို့ကို တိုက်ခိုက်တော့မယ်လို့ MNDAA ကြေညာလိုက်တဲ့အတွက် လောက်ကိုင်ကနေ လားရှိုးမြို့ကို အရေးပေါ် ရွှေ့ပြောင်းလာသူ သုံးသောင်းကျော်ဟာ လားရှိုးမြို့ထဲ ဝင်မရဘဲ မြို့ပြင်မှာ အခက်အခဲမျိုးစုံ ကြုံနေရပါတယ်။
-
RFA Burmese
2023-12-01 -
-
-
ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်တစ်၊ တန့်ယန်း၊ ကွမ်းလုံ၊ သိန္နီကနေ ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ အရပ်သားတွေကို လားရှိုးမြို့ဆီ ဦးတည်နေတဲ့ လမ်းမကြီးပေါ်မှာ အခုရက်ပိုင်း နေ့စဉ်လိုလို မြင်တွေ့နေရ ပါတယ်။
ဘေးလွတ်ရာကို အသက်လုထွက်ပြေးလာသူ သုံးသောင်းကျော်လောက်ရှိပြီး အများစုက လောက်ကိုင်က ဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
သူတို့အားလုံး ဆယ်ဘီးကားတွေ၊ သုံးဘီးဆိုင်ကယ်တွေ၊ အိမ်စီးကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ တချို့က ဘာမှမရှိတော့ရင် ခြေကျင်လျှောက်ပြီး လားရှိုးမြို့အထိ ရက်အတော်ကြာ ထွက်ပြေးလာကြတာပါ။
ဒါပေမဲ့ လားရှိုးမြို့နယ် အာဏာပိုင်တွေက သူတို့ကို မြို့ထဲ ဝင်ခွင့်မပေးပါဘူး။ မြို့အဝင် ဟိုပင်ဂိတ်ကို ပိတ်ထားလိုက်ပြီး မြို့ရှောင်လမ်းဂိတ်နဲ့ မိုင်းယော်လမ်းပိုင်းက နားဖ စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် တားမြစ်စစ်ဆေးခဲ့ ပါတယ်။
လားရှိုးမြို့ခံတွေကိုတော့ မြို့ခံဖြစ်ကြောင်း ထောက်ခံစာပြနိုင်ရင် မြို့ထဲဝင်ခွင့်ပေးခဲ့ပြီး မြို့ခံမဟုတ်သူတွေကိုတော့ မြို့ရှောင်လမ်းကတစ်ဆင့်သာ ဇာတိရပ်ရွာကို တိုက်ရိုက်ပြန်ဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။
လားရှိုးနဲ့ လောက်ကိုင်မြို့ဟာ မိုင် ၁၀၀ ကျော်ခရီး ရှိပြီး ကားအသေးနဲ့ဆိုရင် အချိန် ရှစ်နာရီလောက်သာ သွားရတာပါ။
လမ်းမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ရတယ်လို့ လောက်ကိုင်ကနေ နေပြည်တော်ကိုပြန်မယ့် ကိုချစ်ကိုကိုက ပြောပါတယ်။
"လမ်းမှာ ကယ်ဆယ်ရေးကား လာရင်တော့ ကယ်ဆယ်ရေးကားပေါ် တက်စီး လိုက်တယ်။ ကယ်ဆယ်ရေးကား မလာဘူးဆိုရင်တော့ ခြေကျင်လျှောက်တဲ့သူက များတယ်။ သုံးဘီးတွေဆိုရင်လည်း ပျက်တဲ့သူက ထားခဲ့၊ ဆိုင်ကယ်ပျက်ရင်လည်း ထားခဲ့၊ ကားသမားတွေလည်း ပျက်ရင် အကုန်ထားခဲ့ရတာပဲ။ အကုန်လုံး လောက်ကိုင်က စထွက်ပြီဆိုကတည်းက အစောကြီး သုံးနာရီလောက် ထွက်တယ်။ လောက်ကိုင်မြို့ထဲကနေ ထွက်ရဖို့အရေးကို ငါးနာရီလောက်ကြာတယ်။ ဒီဘက် ၁၀ တန်ဂိတ်မှာ ပိတ်နေတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ ပတ်လမ်းကနေပဲ လာခဲ့ရတယ်။ လမ်းကတော့ဗျာ တော်တော်ဆိုးချက်ကတော့ တောင်ဆင်း၊ တောင်တက် အမြဲတမ်းပဲ တွန်းလိုက်၊ ဆင်းလိုက်ပဲ။ တွန်းလာလိုက် သုံးဘီးမတက်၊ ဆင်းသွားလိုက် အဲတိုင်းပဲ လူတွေက။ ကျွန်တော်တို့ ဒီနမ့်စလတ်အထိ ရောက်တယ်။ နမ့်စလတ်ကျတော့ ဆက်သွားလို့မရဘူးဆိုတော့ နောက်ကြောင်းပြန်ပြီးတော့ ဟိုလီလမ်းကနေ ပြန်ကွေ့လာခဲ့ရတာ"
လောက်ကိုင်မှာ တစ်နှစ်လောက် သုံးဘီးနဲ့ ရေသန့်ရောင်းခဲ့တဲ့ သူ့အနေနဲ့ နေပြည်တော် အထိ ဘယ်လိုပြန်ရမလဲဆိုတာကို ထပ်စုံစမ်းရဦးမယ်လို့ ကိုချစ်ကိုကိုက ပြောပါတယ်။
လောက်ကိုင်မှာ ဝက်သားတုတ်ထိုးဆိုင်ဖွင့်ခဲ့တဲ့ ပြင်ဦးလွင်မြို့ခံ ဒေါ်ကြည်ကလည်း ထွက်ပြေးလာတဲ့ လမ်းခုလတ်မှာ ဗုံးဒဏ်မထိအောင် သတိထားခဲ့ရသလို ထမင်းမစားရတဲ့နေ့တွေကိုပါ ဖြတ်သန်းခဲ့ရတယ်လို့ ပြောပါတယ်။
"ဒုက္ခတွေ တအားရောက်တာ၊ လမ်းမှာလည်း စားစရာကို မပါဘူး။ လမ်းပေါ် ဗုံးတွေ ကျလို့ ထွက်ပြေးရတာ။ ဒီလို သုံးဘီးနဲ့ပဲ ဖြေးဖြေးချင်း တွန်းလာရတာပေါ့။ ဆီမရှိတဲ့ နေရာကျတော့ တွန်းလာရတာ။ တအားဒုက္ခရောက်တော့ မစားရ၊ မသောက်ရနဲ့ အခုမှ ဟိုကပေး၊ ဒီကပေးနဲ့ စားရတာ"
"သုံးဘီးနဲ့ပဲ ဖြေးဖြေးချင်း တွန်းလာရတာပေါ့။ ဆီမရှိတဲ့ နေရာကျတော့ တွန်းလာရတာ။ တအားဒုက္ခရောက်တော့ မစားရ၊ မသောက်ရနဲ့ အခုမှ ဟိုကပေး၊ ဒီကပေးနဲ့ စားရတာ"
လမ်းစရိတ်မရှိလို့ ကုန်ကားနဲ့ လမ်းကြုံစီးပြီးပြန်လာတဲ့ ဟင်္သာတမြို့ခံ ဦးမောင်လတ် ကတော့ လမ်းမှာ တိုက်ပွဲကြား ပိတ်မိခဲ့တာကြောင့် အိမ်ပြန်မရောက်တော့ဘူးလို့တောင် ထင်မိခဲ့တယ်လို့ ဆိုပါတယ်။
"ပစ်ခတ်ခြင်းတွေထဲ ကျွန်တော်တို့ လာခဲ့ရတယ်။ အဲဒီညကပဲ ကျွန်တော်တို့ ပြန်တောင် မရောက်တော့ဘူးထင်တာပဲ။ ကျွန်တော်တို့ ကြားတွေထဲ ဗုံးတွေကျတာ ပြန်လှည့်လို့ လည်း မရတော့ဘူး၊ ကြားထဲမှာဆိုတော့လေ။ ဟိုဘက်ကပစ်၊ ဒီဘက်ကပစ်နဲ့ မနက်မိုးလင်းတော့ ရပ်သွားတယ်။ အဲတော့မှ ကိုးကန့်စစ်သားတွေက ဖွင့်ပေးပြီးတော့ ကျွန်တော်တို့ကို ဒီဘက်ကို ပို့ပေးတာပါ။ လုံခြုံရေး လမ်းမှာလုပ်ပေးတယ်။ အဖွဲ့အစည်းတွေ တော်တော်များများ အကုန်လုံးက လုံခြုံရေးတွေ လုပ်ပေးတယ်။ ပြည်သူတွေလာတဲ့ ယာဉ်တန်းကို ခြေကျင်ရော၊ ယာဉ်ကြီး၊ ယာဉ်ငယ် အကုန်လုံးကို သူတို့ အဆင်ပြေအောင် လုံခြုံရေးလုပ်ပေးပြီး ရောက်အောင် ပို့ပေးပါတယ်"
ကားကြုံမရတဲ့သူတွေနဲ့ လမ်းစရိတ်မရှိတဲ့သူတွေကတော့ လောက်ကိုင်နဲ့ လားရှိုးကြား မိုင်ရာချီခရီးကို ခြေကျင် လျှောက်လာခဲ့ကြတာပါ။ သူတို့အတွက် အသက်ဘေးက လွတ်မြောက်ဖို့ကသာ အရေးကြီးခဲ့ပါတယ်။
မုံရွာမြို့အထိပြန်ရမယ့် မသူဇာလှိုင်ကလည်း ကားကြုံမရတဲ့ရက်တွေမှာ လမ်းလျှောက် လာခဲ့ရတယ်လို့ ဆိုပါတယ်။
"ပါစင်ကျော်ကနေ ချင်းရွှေဟော်အထိ ခဏတစ်ထောက် ကားစီးရတယ်။ ချင်းရွှေဟော်ကနေ ဟိုလီကို တစ်ထောက်၊ ဟိုလီကနေ ပန်ရှောအထိ တစ်ထောက် စီးရတယ်။ အဲဒီကနေ ဒီဘက်ကို ခြေကျင်လျှောက်ခဲ့တာပဲ။ အဲကနေ ဒီဘက်ရောက်မှပဲ ကားစီးရတယ်"
သုံးညနဲ့ လေးရက်ခရီးမှာ ထမင်း၀အောင် မစားခဲ့ရဘူးလို့လည်း သူက ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက စစ်ကောင်စီတပ်တွေ အလွယ်တကူ မလာရောက် နိုင်ဖို့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ လောက်ကိုင် စတဲ့ လမ်းပိုင်းတွေကို မြောက်ပိုင်းညီနောင် သုံးဖွဲ့က ပိတ်ဆို့ဖြတ်တောက်ထားတာပါ။ ဒါ့ကြောင့် လောက်ကိုင်မှာ ကုန်စည်စီးဆင်းမှုရပ်တန့်ပြီး အစားအစာ၊ ရေနဲ့ ဆေးဝါးပါ ပြတ်တောက် နေတယ်လို့ နေရပ်ပြန်လာသူတွေက ပြောပါတယ်။
ဒီအခြေအနေတွေကြောင့် လောက်ကိုင်မှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ပြီး ရက် နှစ်ဆယ်နီးပါး ဒုက္ခရောက်ခဲ့ရတယ်လို့ မန္တလေးတိုင်း မိတ္ထီလာမြို့အထိ ပြန်ရမယ့် မသင်းသင်းက ပြောပါတယ်။
"လောက်ကိုင်မှာကျတော့လည်း အစားအစာ မစားရဘူး။ ဆန်ဈေးကြီးတယ်၊ ဆီဈေးကြီးတယ်၊ အသားငါး မစားရဘူး။ ချဉ်ပေါင်ရွက်တွေ ဘာတွေတောင် မစားရဘူး ဈေးကြီးလို့။ ၁၅ ရက်၊ ရက် ၂၀ လောက် ခက်ခက်ခဲခဲနဲ့ နေခဲ့ရတယ်"
စစ်ဘေးဒုက္ခသည်တွေကို လားရှိုးမြို့တွင်း ဝင်ခွင့်မပေးတာနဲ့ ကူညီကယ်ဆယ်ရေး အခြေအနေ သိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
လတ်တလောမှာတော့ လားရှိုးမြို့ခံတွေကသာ မြို့ထဲဝင်မရဖြစ်နေတဲ့ မြို့ပြင်က ဒုက္ခသည်တွေကို အစားအစာနဲ့ ရေသန့်တွေ သွားရောက်လှူဒါန်းပေးနေပါတယ်။