ငြိမ်းချမ်းရေးရဖို့ အဓိက ဘာတွေပြင်ဆင်သင့်သလဲ

ရွေးကောက်ပွဲအလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မူဝါဒသစ်တွေနဲ့ အရင်ကထက် အရှိန်မြှင့် လုပ်ဆောင်သွားမယ့် အနေအထားမျိုးတွေကို အစိုးရမှာရော၊ တပ်မတော်မှာရော၊ တိုင်းရင်းသားအင်အားစုတွေကြားမှာပါ မြင်တွေ့လာရပါတယ်။

၂ဝ၁၈ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Photo: AFP

ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရထားပြီး အစိုးရသစ်ကို ဦးဆောင်မယ်လို့ အများက ခန့်မှန်းထားတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ လက်တွဲလိုကြောင်း ဒီတပတ်ထဲမှာပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အနာဂတ်မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုအရေးကို ရှေ့ရှုပြီး ရည်မှန်းချက် တူညီတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်တွဲမယ့်အကြောင်း တိုင်းရင်းသား နိုင်ငံရေးပါတီ ၃၉ ခုကို စာပေးပို့ခဲ့တာပါ။

ရွေးကောက်ပွဲ မတိုင်ခင်မှာတုန်းကလည်း - အမျိုးသားညီညွတ်ရေးအစိုးရ “National Unity Government” ကို ဖွဲ့စည်းမယ့် အစိုးရရဲ့ မူဝါဒအသစ်ကို နိုဝင်ဘာလ ၄ ရက်နေ့က လုပ်ခဲ့တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ - သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဋ္ဌေးက အရိပ်အမြွက် ချပြခဲ့ပါတယ်။

“၂ဝ၂ဝ အလွန် ရှေ့ဆက်သွားမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအစီအစဉ်မှာလည်း အမျိုးသားညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးစားပေး ထည့်သွင်းထားတာဖြစ်ပါတယ်။ “National Unity Government” လိုမျိုး အမျိုးသားညီညွတ်ရေး ဆောင်ရွက်ချက်တွေ ဆက်လက်ထွက်ပေါ် လာမယ်ဆိုတာ ကျနော်တို့ ပြောကြားလိုပါတယ်။ ဒီ ၂ဝ၂ဝ အလွန် ဆက်သွားမယ့် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အခုအချိန်မှာတော့ အသေးစိတ်တော့ ကျနော်တော့ မချပြနိုင်သေး ဘူးပေါ့နော်။ ဒါတွေကလည်း လက်တွေ့ သိသိသာသာ လုပ်လာမှာဖြစ်ပါတယ်လို့။”


ဦးဇော်ဋ္ဌေးရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ “National Unity Government” အစီအစဉ်ကို အရိပ်အမြွက် ချပြ အပြီးမှာပဲ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) အပါအဝင် NCA တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုး ထားတဲ့ လက်နက်ကိုင်အဖွဲ့တချို့က ကြိုဆိုတဲ့ သဘောထားကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။

ဒီလို NCA အဖွဲ့တချို့ရဲ့ သဘောထားတွေ ထွက်လာအပြီး ရက်ပိုင်းမှာပဲ တပ်မတော်ကလည်း - ထာဝရ ငြိမ်းချမ်းရေးရဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ “ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ” ကို ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲအလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မူဝါဒသစ်တွေနဲ့ အရင်ကထက် အရှိန်မြှင့် လုပ်ဆောင် သွားမယ့် အနေအထားမျိုးတွေကို အစိုးရမှာရော၊ တပ်မတော်မှာရော၊ တိုင်းရင်းသားအင်အားစုတွေကြားမှာပါ မြင်တွေ့ လာရပါတယ်။ ဆိုတော့ - လက်ရှိ NLD အစိုးရသက်တမ်းအတွင်း မျှော်လင့်သလောက် မတိုးတက်ခဲ့ ဘူးဆိုတဲ့ ငြိမ်းချမ်းရေးခရီးအတွက် လာမယ့် ၅ နှစ်မှာ ဘာတွေ အဓိက ပြင်ဆင်သင့်သလဲ…..

ဒီအပေါ်မှာ အရင် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ကနေ လက်ရှိ NLD အစိုးရလက်ထက်ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက် ပါဝင်ခဲ့ကြတဲ့ Center for Peace and Reconciliation အဖွဲ့ ပူးတွဲတည်ထောင်သူ ဦးလှမောင်ရွှေ၊ တခါ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဦးဆောင်နာယကလည်းဖြစ်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင် ၁ဝ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org