မဲဆောက်မြို့က မြန်မာတွေအားထားရတဲ့ တနင်္ဂနွေစျေး

ဒီစျေးကလေးဟာ ကိုယ့်နိုင်ငံမဟုတ်တဲ့ မြေထဲမှာ နေ့စဉ်နဲ့အမျှ စိုးရိမ်ကြောင့်ကျပြီး နေထိုင်နေကြရတဲ့ မြန်မာတွေအတွက် အားကိုးရာ အရေးပါတဲ့ စျေးတစ်ခုဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဟုန်ဖိုင်ရပ်ကွက်အနီးတွင် ဖွင့်လှစ်ထားသည့်​ တနင်္ဂနွေစျေးတွင် ရောင်းချနေသော စျေးဆိုင်များအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ RFA

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ တစ်ပတ်ကို တစ်ရက်ပဲ ဖွင့်တဲ့ တနင်္ဂနွေစျေးဆိုတာ ရှိပါတယ်။ မြန်မာပြည်ထဲကနေ အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မြန်မာလူမျိုးတွေအတွက် အဓိကအားထားရတဲ့စျေး ဖြစ်ပါတယ်။

မဲဆောက်မြို့၊ ဟုန်ဖိုင်ရပ်ကွက် အာရှလမ်းမကြီးဘေးက ကွင်းပြင်ထဲမှာ တနင်္ဂနွေနေ့ရောက်ရင် နေ့လယ်ခင်းကနေ ညနေစောင်းတဲ့အထိ အခုလို စျေးရောင်းသူတွေ၊ စျေးဝယ်သူတွေနဲ့ စည်ကားနေတာပါ။

ထူးခြားချက်ကတော့ ဒီစျေးမှာ ရောင်းချကြတာ မြန်မာအများစုဖြစ်သလို မြန်မာအများစုကပဲ စျေးဝယ်ကြတာမို့ မြန်မာပြည်ထဲက စျေးတစ်ခုဆီကို ပြန်ရောက်သွားရသလိုပါပဲ။

ထိုင်းလိုဆိုရင် (တလာနတ်) ဆိုတာ စျေးပွဲတော်လို့ခေါ်တာဖြစ်ပြီး ဒီတနင်္ဂနွေစျေးမှာ စျေးရောင်းမယ်ဆိုရင်တော့ ထိုင်းလို (တလော့) လို့ခေါ်တဲ့ ၉ ပေ ပတ်လည်ဆိုင်ခန်းတစ်ခန်းကို ဘတ် ၁၃၀ စျေးကောက်ပေးရတယ်လို့ စျေးရောင်းတဲ့သူတွေက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ကာလအတွင်း သုံးနှစ်လောက်ကြာတဲ့အထိ စျေးပိတ်ထားလိုက်ရသေးတယ်လို့လည်း ဆိုပါတယ်။ ဒီစျေးဖွင့်ထားတာ ၁၀ စုနှစ်တစ်ခုကျော်ရှိနေပြီဖြစ်ပြီး စက်ရုံတွေက မြန်မာအလုပ်သမားတွေ အလုပ်ပိတ်ရက်မှာ ဒီစျေးကိုအားကိုးပြီး ဝယ်ယူကြတယ်လို့ အလှကုန်ဆိုင်ဖွင့်ထားတဲ့ မနောက ရှင်းပြပါတယ်။

“စျေးဝယ် တောင်သူတောင်ယာတွေ အဲဒီလိုပေါ့။ ပတ်ဝန်းကျင်စက်ရုံနားတွေက စျေးဝယ်လွယ်ရအောင် တလာနတ်ဆိုပြီးတော့ ဖွင့်ခဲ့တာပေါ့။ ကိုယ်တွေက ဒီနေရာဆိုလည်း စက်ရုံနဲ့နီးတယ်။ စက်ရုံနဲ့နီးတဲ့ နေရာတွေပဲများတယ်။ သူကဖွင့်ထားတာ။ တလာနတ်ဆိုတာ စျေးပွဲတော်ပေါ့။ ထိုင်းလိုမျိုး အဓိပ္ပါယ်ကတော့ ။ ရောင်းအားအခြေအနေက သိပ်မကောင်းဘူး။ ပြီးခဲ့တဲ့နှစ်ထက်စာရင်ဒီနှစ်တွေက အရောင်း အဝယ်မကောင်းဘူး။ စက်ရုံတွေက အလုပ်ပါးတာလည်း ပါးတယ်။ အမျိုးအမျိုးကြောင့်ပေါ့။ အခုဟာက နှစ်လနီးပါးလောက်ရှိပြီ။ အဲဒီ ကိုဗစ်ဖြစ်ပြီး ပိတ်ပြီးတော့ ပြန်ဖွင့်တော့ နည်းနည်းရောင်းရတယ်။ ဒီနှစ်ထဲမှာတော့ မိုးတွင်းမှာတော့ ရောင်းအားတော်တော်ကျတယ်။ သိပ်မရောင်းရတော့ဘူး။ စားကုန်နဲ့ အလှကုန်ကျတော့ မတူဘူး။ စားကုန်တွေ အမြဲတမ်းရောင်းရတယ်။ သူက နေ့တိုင်းစားတယ်ဆိုတော့။”

မနောက မော်လမြိုင်ဇာတိဖြစ်ပြီး မဲဆောက်မြို့ကိုရောက်နေတာ သူ ၁၀ နှစ်သမီးအရွယ်လောက်ကတည်းကလို့ ဆိုပါတယ်။ ဒီစျေးမှာ ဟုန်ဖိုင်ရပ်ကွက်နဲ့ အနီးဝန်းကျင်တွေမှာနေထိုင်ကြတဲ့ မြန်မာအများစုတို့ စျေးလာဝယ်ကြတယ်လို့ ဆိုပါတယ်။

မဲဆောက်မြို့၊ ဟုန်ဖိုင်ရပ်ကွက်အနီးမှ တနင်္ဂနွေစျေးတွင် အသုပ်စုံရောင်းချသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ကိုဇော်။ (Photo: RFA)

မြို့လယ်ခေါင် မဲဆောက်စျေးကြီးအထိ စျေးသွားဝယ်မယ်ဆိုရင် မလွယ်လို့ ဒီစျေးကိုပဲအားကိုးပြီး စျေးဝယ်နေရတာလို့ မဲဆောက်မြို့မှာ နေထိုင်လာတာ အနှစ်နှစ်ဆယ်ကျော်ရှိပြီဖြစ်တဲ့ မသန်း က ပြောပါတယ်။

“တစ်ပတ်တစ်ခါ ဒီစျေးလည်ရှိတော့လဲ အလုပ်သမားတွေ ဝယ်စားရ ခြမ်းစားရ အဆင်ပြေတယ်။ တစ်ပတ် တစ်ခါ ဒီလိုမျိုးစျေးတွေရှိတော့ ပိုက်ဆံ လေးရာ ငါးရာနဲ့ အများကြီး ဝယ်လို့ရတာပေါ့နော်။ မဲဆောက်စျေးမှာဆိုတော့ ပလိပ်လဲ ဖမ်းတယ်။ ပိုက်ဆံ ငါးရာ တစ်ထောင်ဘာမှလဲ ဝယ်လို့မရဘူး။ နောက်ပလိပ်တွေနဲ့ အထောက်အထားမပါဘဲ တွေ့သွားရင် အဲဒီပိုက်ဆံ ငါးရာ တစ်ထောင်က သူတို့သိမ်းသွားလို့ရှိရင် ဘာမှဝယ်သွား လို့ မရတော့ဘူး။ ဒီမှာ တစ်ပတ်တစ်ခါကျတော့။ ဒီဂေါ်ဖီထုပ်ကလေးတွေဆိုရင် ဆယ်ဘတ်။ ပဲသီးဆိုရင် တစ်စည်းမှ ဆယ်ဘတ်။ ပိုက်ဆံ တစ်ရာဆိုလို့ရှိရင် အများကြီးဝယ်လို့ ရတယ်။ အများကြီးစားလို့ရတာပေါ့။ ကိုယ့်အတွက် ဒီလိုမျိုး တစ်နေ့တစ်ခါ နေ့စားအလုပ်သမားတွေဆိုတော့ ဒီလိုမျိုးစျေးလဲရှိတော့ အများကြီးအဆင်ပြေတယ်”

နယ်စပ်မြို့ ဖြစ်သလို တောင်ပေါ်ဒေသက တောင်ယာစိုက်ပျိုးသူတွေကလည်း လာရောက်ရောင်းချကြတဲ့အတွက် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို သင့်တင့်တဲ့ စျေးနှုန်းနဲ့ ဝယ်ယူနိုင်ကြလို့ အဆင်ပြေကြတယ်လို့ စျေးဝယ်သူတွေက ပြောကြပါတယ်။

မဲဆောက်မြို့၊ ဟုန်ဖိုင်ရပ်ကွက်အနီးမှ တနင်္ဂနွေစျေးတွင် ရောင်းချနေကြသည့် စျေးဆိုင်များနှင့် လာရောက်စားသောက်နေကြသူများ။ (Photo: RFA)

ဒီစျေးမှာ မြန်မာလူမျိုးအများစု ရောင်းချကြတာကြောင့် မြန်မာအစားအစာတွေလည်း အတော်လေးကို စုံစုံလင်လင် ဝယ်ယူနိုင်ပါတယ်။

စျေးရောင်းသူ၊ စျေးဝယ်သူ မြန်မာလူမျိုး ၉၅ ရာခိုင်နှုန်းလောက်က ဒီစျေးကိုပဲ အားထားကြတယ်လို့ အသုပ်စုံ၊ ဟင်းခါးရောင်းနေတဲ့ ကိုဇော်ကလည်း ပြောပါတယ်။

“ ကိုယ်တွေ ဗမာလူမျိုးဆိုတာကလည်း ဗမာစာတွေနဲ့ပဲ အဆင်ပြေတာဆိုတော့ သူတို့အတွက်အရမ်းအဆင်ပြေ ပါတယ်။ အခုနကပြောသလိုပဲ ထပ်ပြောရရင် စျေးသက်တောင့်သက်သာနဲ့ ရတယ်။ သူတို့ဆိုလို့ရှိရင် တောင်ပေါ်ကနေ လာတဲ့သူတွေပေါ့နော်။ သူတို့ဆို ပြောင်းစိုက်တယ်၊ ကြံခုတ်တာ လုပ်တဲ့သူတွေ။ သူတို့အတွက်က သူတို့က တစ်ပတ်စာ အခြောက်အခြမ်းတွေ ဝယ်သွားတယ်။ အစိုတွေလည်း နည်းနည်းပါးပါးတော့ ဝယ်သွားတယ်။ တော်တော်များများက လက်မှတ်မရှိကြဘူး။ မရှိတဲ့အခါကျတော့ သူတို့တွေက မဲဆောက်မြို့ထဲလည်း သွားလို့ မရဘူး။ မဲဆောက်မြို့ထဲသွားရင်လည်း ပလိပ်အဖမ်းခံရမှာ အဆင်မပြေဘူးပေါ့နော်။ အဲဒီအတွက်ကြောင့် သူတို့တွေက ဒီနားကစျေးသည်တွေကိုပဲ ကပ်ပြီးတော့ ဝယ်ရတာ ပိုအဆင်ပြေတာပေါ့နော်။”

ဒီစျေးကလေးဟာ ကိုယ့်နိုင်ငံမဟုတ်တဲ့ မြေထဲမှာ နေ့စဉ်နဲ့အမျှ စိုးရိမ်ကြောင့်ကျပြီး နေထိုင်နေကြရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ တစ်နိုင်တစ်ပိုင် စျေးရောင်းသူ မြန်မာလူမျိုးတွေနဲ့ ဒီစျေးရဲ့အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြသူ မြန်မာလူမျိုးတွေအားလုံးအတွက် အားကိုးရာ အရေးပါတဲ့ စျေးတစ်ခုဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org