မနိုဘယ်အေးနဲ့ ကိုလေးခွင်းတို့ကို ဂုဏ်ပြုပွဲ မဲဆောက်မြို့မှာ ကျင်းပ

သူတို့နှစ်ဦးကို ဂုဏ်ပြုရင်း တော်လှန်ရေး၊ နိုင်ငံရေးတာဝန်တွေ လက်ဆင့်ကမ်းထမ်းဆောင်ရမယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေး က ပြောပါတယ်။

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မဲဆောက်မြို့တွင် ကျင်းပခဲ့သည့် မနိုဘယ်အေးနှင့် ကိုလေးခွင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနား မြင်ကွင်းတစ်ခု။ Photo: RFA

မနိုဘယ်အေးနဲ့ ကိုလေးခွင်းတို့ဟာ စစ်အာဏာရှင်တော်လှန်ရေးအတွက် မြေအောက်လှုပ်ရှားမှုတွေ အတူတွဲလုပ်နေကြရင်း ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့က ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးခံလိုက်ရပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ ဝေါမြို့နယ်တရားရုံးကနေ ရုံးထုတ်ပြီးအပြန်မှာ ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ဝေါမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မြေအောက်လှုပ်ရှားမှုတွေကို အန္တရာယ်ကြားကနေလုပ်ဆောင်နေရင်း အသက်ပေးလိုက်ရတဲ့ သူတို့နှစ်ဦးအတွက် ဂုဏ်ပြုအခမ်းအနားကို အာဏာရှင်စနစ်တော်လှန်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကွန်ရက်-DRPDN က ဦးဆောင် ပြီး မဲဆောက်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။

မနိုဘယ်အေးဟာ အာဇာနည်သူရဲကောင်းတစ်ယောက်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်တဲ့ ဦးညီထွန်းက ပြောပါတယ်။

"ကျွန်တော်တို့ မြေအောက်လုပ်ငန်းဆိုတာ လျှို့ဝှက်ချက်ရှိပါတယ်။ သူကလုပ်ငန်းတွေ အများကြီးလုပ်ပါတယ်၊ သူက မသေခင်ကလည်း အာဇာနည်စိတ်ဓာတ်ပဲ သေသွားပြီးတော့လည်း အာဇာနည်စိတ်ဓာတ်ပဲ။ ဒါ သူတို့ မျိုးဆက်အတွက် အာဇာနည်ပါပဲ၊ ကျွန်တော်တို့မျိုးဆက်အတွက်လည်း အာဇာနည်ပါပဲ’’

မနိုဘယ်အေးဟာ တော်လှန်ရေးအရ၊ နိုင်ငံရေးအရ အခက်အခဲတွေကြုံလာရင် ခေါင်းမာမာနဲ့ တာဝန်ကျေပွန်ခဲ့သူတစ်ဦးလို့ သူနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ၉၆-၉၈ မျိုးဆက်ကျောင်းသား ကိုဇော်ကြီးက မှတ်ချက်ပြုပါတယ်။

"စိတ်ဆန္ဒပြင်းပြတဲ့ အလုပ်တာဝန်တစ်ခုကို တာဝန်ယူထားရပြီဆိုရင် သူက ဇွဲနပဲခတ်ပြီးတော့ လုပ်တဲ့သူမျိုးပေါ့နော်။ မနိုဘယ်အေးက ပြီးတော့ အလုပ်လုပ်တဲ့နေရာမှာလည်း သူတာဝန်ယူထားတဲ့ဟာကို တာဝန်ကျေအောင် ဘယ်လိုအခက်အခဲပဲတွေ့တွေ့ ခေါင်းမာမာနဲ့ဆောင်ရွက်တတ်တဲ့ သူတစ်ယောက်ပေါ့နော်၊ ကိုဗစ်ကိစ္စဆိုလည်း ကိုဗစ်ကိစ္စပေါ့နော်။ တော်လှန်ရေးကာလအတွင်းမှာလည်း ရဲဘော်ရဲဘက်တွေအပေါ်မှာ နောက်တော်လှန်ရေးလုပ်ငန်းအပေါ်မှာ အသက်စွန့်ပြီးတော့မှ တာဝန်ကျေအောင် သူ့မှာလိုအပ်ချက်မရှိအောင် အဲလိုစိတ်မျိုးနဲ့ သူက ကြိုးစားတတ်သူတစ်ယောက်ဖြစ်ပါတယ်’’

မနိုဘယ်အေးနဲ့အတူ ကိုလေးခွင်းကိုလည်း ဂုဏ်ပြုရင်း တော်လှန်ရေး၊ နိုင်ငံရေးတာဝန်တွေ လက်ဆင့်ကမ်းထမ်းဆောင်ရမယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေး က ပြောပါတယ်။

"ဒီအာဇာနည်ပေါင်း အမြောက်အမြားထဲမှာ မနိုဘယ်အေးဟာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်၊ ဒီ ၂၀၂၁ နွေ ဦးတော်လှန်ရေးရဲ့ထူးခြားချက်ကတော့ အမျိုးသမီးထုတွေဟာ ပိုပြီးတော့ထဲထဲဝင်ဝင်ပါလာကြတယ်၊ ပိုပြီးတော့ ဦးဆောင်ဦးရွက်ပြုတဲ့အခန်းကဏ္ဍမှာပါလာကြတာ ကျွန်မတို့တွေ့ရပါတယ်။ မနိုဘယ်နဲ့အတူ တူကျဆုံးသွားတဲ့ ရဲဘော်လေးခွင်းကိုလည်း ဒီနေရာကနေ ကျွန်မ အလေးအနက်ဦးညွှတ်ဂုဏ်ပြုကြောင်း သူတို့ရဲ့လက်ဆင့်ကမ်းခဲ့တဲ့ တော်လှန်ရေးတာဝန်တွေ၊ နိုင်ငံရေးတာဝန်တွေကို ကျွန်မတို့ကဆက်ပြီးတော့ ထမ်းဆောင်သွားမှာဖြစ်ကြောင်း ပြောချင်ပါတယ်’’

မနိုဘယ်အေးနဲ့ လေးခွင်းတို့ ပစ်သတ်ခံရတာဟာ သတင်းအမှားသာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ ဦးတင်ဦးက ငြင်းဆိုထားပေမဲ့ ခုချိန်အထိ ဘာအဆက်အသွယ်မှမရတဲ့အတွက် အစဖျောက်ခံလိုက်ရပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။

မနိုဘယ်အေးနဲ့ ကိုလေးခွင်းတို့အတွက် တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးက ဝမ်းနည်းဂုဏ်ပြုကြောင်း သဝဏ်လွှာဖတ်ကြားတာ၊ ကဗျာရွတ်တာတွေအပြင် တော်လှန်ရေးအတွက်အားဖြစ်စေတဲ့ သီချင်းတွေနဲ့လည်း သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org