အခက်အခဲကြုံနေတဲ့ မန္တလေးက အိမ်ဖယ်ရှားခံရသူများ
မန္တလေးမှာ ကျူးကျော်ဆိုတဲ့သတ်မှတ်ချက်နဲ့ အိမ်ပေါင်း ထောင်နဲ့ချီပြီး ဖယ်ရှားဖျက်ဆီးခံရတာကြောင့် အသက်သေဆုံးရတဲ့သူတွေတောင် ရှိတယ်လို့ ပြည်ကြီးတံခွန်မြို့နယ် က အိမ်ဖျက်ခံရတဲ့သူ တစ်ယောက်က ပြောပြပါတယ်။
-
RFA Burmese
2023-09-06 -
-
-
မန္တလေးမြို့မှာ ကျူးကျော်ဆိုတဲ့သတ်မှတ်ချက်နဲ့ အိမ်ပေါင်း ထောင်နဲ့ချီပြီး ဖယ်ရှားဖျက်ဆီးခံရပါတယ်။ ဒါကြောင့် အသက်သေဆုံးရတဲ့သူတွေတောင် ရှိတယ်လို့ ပြည်ကြီးတံခွန်မြို့နယ် က အိမ်ဖျက်ခံရတဲ့သူ တစ်ယောက်က ပြောပြပါတယ်။
"တချို့ဆိုရင်လည်း ဖျက်ရင်းနဲ့၊ အဖျက်ခံရလို့ နှလုံးရပ်ပြီးသေတဲ့သူတွေလည်းရှိတယ်။ ပိလို့သေတာတွေ လည်းရှိတာပဲ။ တိတ်တိတ်ဖြစ်သွားတာတွေလည်းရှိတယ်။ ဒီနေရာကနေပြီး မခွာသေးဘူးလို့။ နေစရာ၊ ပြောင်းစရာ နေရာမရှိဘူး။ ကိုယ်မှ စားရေးသောက်ရေးတောင် မပြေလည်တာ တခြား နေရာ ငှားနေရမယ် ဆိုလည်း ဘယ်လိုမှ အဆင်မပြေဘူးလေ။ ငှားနေရရင် အိမ်လခက တစ်လကို တစ်သိန်းခွဲ၊ နှစ်သိန်းပေးရတယ်။ ကိုယ်ရတာက တစ်လမှ နှစ်သိန်းလောက်ရတာ အလုပ်လုပ်တာက"
အသက် ၇၀ အရွယ် အမျိုးသမီးတစ်ယောက်ကလည်း သူဟာ အိမ်ဖျက်မှာကို ကြိုမသိခဲ့လို့ မြေတူးစက်နဲ့ လာထိုးတဲ့အချိန်မှ ယူလို့ရသမျှပစ္စည်းလေးတွေ ကောက်ခဲ့ရတယ်လို့ ပြောပါတယ်။
"တွေးကို မတွေးခဲ့တာ။ ငါ့သားနဲ့ သမီးတော့ သူ့ဟာလေးနဲ့သူ ကျောတစ်ခင်းစာတော့ ရှိသွားပြီ။ အဆင် ပြေသွားပြီပေါ့။ သေရင်တောင် ငါတော့ ဖြောင့်ဖြောင့်တန်းတန်း သေလို့ရပြီလို့ ထင်ခဲ့တာ။ အခုကျ တော့ ဖြောင့်ဖြောင့်တန်းတန်းမပြောနဲ့၊ ကွေးလို့ ကောက်လို့ကို သေလို့ရတော့မှာ မဟုတ်ဘူး။ အုတ်တံတိုင်း လာခတ်ရင်တောင်မှ အုတ်တံတိုင်းဘေး တဲထိုးနေမှာ။ သူတို့ကုတ်နဲ့ ကော်ထုတ်တောင်မှ တောင်းပန်ပြီးတော့ ပြန်နေဦးမှာ။ အမေတဲ့၊ အမေပေးတဲ့ အမွေလေးကကုန်ပေါ့၊ သားတို့ လက်ငုတ် ပြုတ်ပြီလို့ သားက ပြောတယ်။ အားသာ တင်းနေရတာ ဘယ်လွယ်လွယ်ဖြစ်တော့မှာလဲ။ စိတ်တွေထဲ မကောင်းဘူး"
သူတို့ အဖျက်ခံလိုက်ရတဲ့ အိမ်နဲ့ခြံကို လွန်ခဲ့တဲ့ခြောက်နှစ်က ငွေ ၄၅ သိန်းနဲ့ ဝယ်ခဲ့ တာလို့ပြောပါတယ်။ သူ့အိမ်အဖျက်ခံရပြီးတဲ့ နောက်မှာတော့ နေစရာမရှိလို့ အဲဒီ အိမ်နေရာတစ်ဝိုက်မှာပဲ တဲထိုးပြီးနေလာ ကြတာ ခြောက်လလောက်ရှိနေပါပြီ။ သူတို့မှာမိသားစုဝင် ငါးယောက်ရှိပြီး ကလေးနှစ်ယောက်ကို လောလောဆယ် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကိုရင်ဝတ်ပေးထားရတယ်လို့ ဆိုပါတယ်။
"တချို့ဆိုရင်လည်း ဖျက်ရင်းနဲ့၊ အဖျက်ခံရလို့ နှလုံးရပ်ပြီးသေတဲ့သူတွေလည်းရှိတယ်။ ပိလို့သေတာတွေလည်းရှိတာပဲ"
စစ်ကောင်စီဟာ မန္တလေးမြို့ထဲက ခြောက်မြို့နယ်မှာရှိတဲ့ မီးရထားလမ်းမြေ၊ လျှပ်စစ် ဓာတ်အားလိုင်းမြေ၊ အစိုးရဌာနဆိုင်ရာပိုင်မြေ၊ လယ်မြေနဲ့ ယာမြေတွေပေါ်မှာ အထောက် အထားမဲ့နေတဲ့အိမ်တွေကို ဖယ်ရှားမယ်လို့ကြေညာပြီး အိမ်တွေ ဆက်တိုက်ဖျက်နေတာပါ။ အဖျက်ခံရတဲ့အိမ်တွေထဲမှာ စည်ပင် သာယာပိုင်နယ်နိမိတ်ထဲ ဆောက်ထားတဲ့အိမ်တွေ ပါသလို တချို့ကလည်း အရောင်းအဝယ်စာချုပ် အတည်တကျနဲ့ အိမ်ဝယ်ပြီးနေကြတဲ့ သူတွေ ပါတယ်လို့ ပြောကြပါတယ်။
အခုဆိုရင် ကုန်စျေးနှုန်းတက်လာတာ၊ အိမ်တွေအဖျက်ခံနေရတာ၊ တခြားနယ်ကလူတွေ မြို့ပေါ် ကို ပြောင်းတဲ့သူများလာတာကြောင့် မန္တလေးမြို့မှာ အိမ်ငှားခတွေက စစ်တပ်အာဏာမသိမ်းခင် ကာလထက် နှစ်ဆလောက်မြင့်တက်သွားတယ်လို့ ပြောကြပါတယ်။ အရင်က အိမ်ငှားခတွေဟာ တစ်လကို တစ်သိန်းဝန်းကျင်ပဲရှိပေမယ့် အခုတော့ တစ်သိန်းခွဲအထက်မှာရှိနေပြီး လချင်းပေးပြီး ငှားနေလို့ရတဲ့အိမ်မျိုး မရှိသလောက်ဖြစ်နေတယ်လို့လည်း ပြောကြပါတယ်။ ဒါကြောင့် အိမ်ငှားနေတဲ့သူ တချို့က ဆက်ပြီး အိမ်ငှားခမတတ်နိုင်တော့လို့ အဖျက်ခံရတဲ့နေရာတွေမှာ ပြန်လာပြီး တဲထိုးနေကြ ပါတယ်။
ဖြစ်သလိုနေကြရလို့ မိုးရွာတဲ့နေ့တွေဆို ဒုက္ခရောက်ကြရတယ်လို့ ပြည်ကြီးတံခွန်မြို့နယ် မှာနေတဲ့သူ တစ်ယောက်က ပြောပြပါတယ်။
"ပစ္စည်းလေးတွေ ရွှေ့ပြောင်းနေရတာ၊ ဒီဘက်က မဖျက်တော့ဘူးဆိုလို့ရှိရင် တစ်ခါ အသိမိတ်ဆွေ တစ်ယောက်အိမ်ကနေ သုံးဘီးဆိုင်ကယ်လေးနဲ့ ပစ္စည်းလေးတွေ ဒီဘက်ပြန်ရွှေ့ရတာ။ မိုးက ညလုံး ပေါက်ရွာတဲ့နေ့က မိုးလုံတဲ့နေရာဘက်ပြေးကပ် လိုက်၊ တစ်ခါ မိုးကာကမကောင်းတော့ ဟိုဘက်တစ်ခါ ပြန်ကပ်လိုက်နဲ့ အဲလို နေရတာပေါ့။ တစ်ညလုံးသာ မိုးသာလင်းသွားတာ အိပ်ကို မအိပ်လိုက်ရဘူး"
စစ်ကောင်စီဟာ မန္တလေးမြို့မှာ ကျူးကျော်ရှင်းလင်းရေးဆိုတဲ့အဖွဲ့ ဖွဲ့ပြီး၊ အိမ်တွေကို ထပ်ပြန် တလဲလဲ ဖယ်ရှားနေတာပါ။ ဒါကြောင့် ယာယီတဲထိုးပြီးနေတဲ့သူတချို့ဆိုရင် သုံးကြိမ်ထက်မနည်း ဖယ်ရှားခံရတဲ့သူတွေရှိတယ်လို့ RFA ကို ပြောကြပါတယ်။
မိသားစု ၁၅ ယောက် ဆယ်နှစ်လောက်နေခဲ့တဲ့ အိမ်အဖျက်ခံရလို့ နေစရာပျောက်နေတဲ့ အပြင်၊ အလုပ် အကိုင်အဆင်မပြေလို့ စားဖို့အတွက်ပါ ပူနေရတယ်လို့ ချမ်းမြသာစည် မြို့နယ်က အိမ်ဖယ်ရှားခံရတဲ့ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
"အိမ်ရှိတုန်းကတော့ မိသားစုတွေ အတူနေကြတာပေါ့။ အခုကျ အိမ်မရှိတော့ သူ့တဲသူ ဆောက်၊ ကိုယ့်တဲကိုယ် ဆောက်နေကြရတာ။ မိုးရွာရင်လည်းအစို၊ နေပူရင်လည်း အခြောက်ပဲ။ စားဖို့ဆိုတာလည်း အလှူ့ရှင်တွေ လာဝေတဲ့အချိန်တော့ စားရ သောက်ရတာပေါ့။ လာဝေတာတွေမရှိရင် ကိုယ်ကလည်း အလုပ်မရှိတော့ ငတ်တဲ့အခါ ငတ်တာပေါ့။ အိမ်မဖျက်ခင်ကတော့ ကလေးတွေကလည်း သူ့အလုပ်အကိုင်နဲ့သူ အဆင်ပြေကြတယ်လေ။ ခုလို ဖျက်ခံလိုက်ရပြီးတော့ အကုန်လုံး အဆင်မပြေ ဖြစ်ကြရတာပေါ့"
စစ်ကောင်စီကအိမ်တွေ ဖျက်နေတာဟာ တရားမျှတမှုမရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ မန္တလေးမြို့က အမည်မဖော် လိုတဲ့ ဥပဒေပညာရှင်တစ်ယောက်က ထောက်ပြပါတယ်။
"ဒီမြေမှာ စကျူးကျော်ကတည်းက တာဝန်ရှိအဖွဲ့အစည်းအသီးသီးက ဒီမြေဟာ အစိုးရစီမံခန့်ခွဲပိုင် တဲ့မြေ ဖြစ်တယ်၊ ဒီမြေဟာ စစ်တပ်ပိုင်ဖြစ်တယ်၊ ဒီဟာတော့ စက်မှုဇုန်မြေဖြစ်တယ်။ ဒါ့ကြောင့် မကျူးကျော်ပါနဲ့ တားမြစ်ရမယ်။ ကျူးကျော်လာရင် သက်ဆိုင်ရာက ဥပဒေအရ အဲဒီအချိန်ကတည်းက အရေးယူခဲ့ရမယ်။ အခိုင်အမာ အဆောက်အအုံတွေ ဆောက်လုပ်နေစဉ်ကလည်း မဆောက်လုပ်ဖို့ ကန့်ကွက်ခဲ့ရမယ်။ တချို့ဆိုရင် နှစ်ပေါင်း သုံးဆယ်၊ လေးဆယ် ဆောက်လုပ်လာခဲ့ပြီးမှသိပါလျက်နဲ့ အရေးယူဆောင်ရွက်ခဲ့တာမျိုးမရှိတာ မျိုးပေါ့။ အမှန်ဆိုရင် ရွှေ့ပြောင်းနိုင်ဖို့ မြေအစားထိုးချထားတာ မျိုးတွေလိုအပ်သလို၊ ပြောင်းရွှေ့ဖို့ လိုအပ်တဲ့ငွေကြေးတွေ ကျခံပေးရမယ်၊ ဒါမှ နှစ်ဦးနှစ်ဖက် ညီညွတ်မျှတမယ်"
အခုဆိုရင် မန္တလေးမြို့မှာ ဖယ်ရှားခံရတဲ့ အိမ်အရေအတွက် သောင်းဂဏန်းလောက်ထိ ရှိမယ်လို့ မြို့ခံတချို့က ခန့်မှန်းထားပါတယ်။