KNU ထိန်းချုပ်နယ်မြေက ကိုယ်ထူကိုယ်ထကျောင်းတွေ
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ကဏ္ဍပေါင်းစုံမှာ ယိုယွင်းပျက်စီးခဲ့အထဲ အထိအခိုက်အများဆုံးက ပညာရေးကဏ္ဍပါ။
-
RFA Burmese
2024-12-28 -
-
-
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ကဏ္ဍပေါင်းစုံမှာ ယိုယွင်း ပျက်စီးခဲ့ရပါတယ်။ အဲဒီထဲမှာ အထိအခိုက်အများဆုံး ကဏ္ဍကတော့ ပညာရေးကဏ္ဍပါ။
မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ် ကလေး ၁၁ သန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီထဲက ထက်ဝက်နီးပါးဖြစ်တဲ့ ၄ ဒသမ ၅ သန်းက ပညာသင်ကြားခွင့်မရတာ ဒါမှမဟုတ် နည်းပါးတာ ဖြစ်နေတယ်လို့ ဗြိတိန်အခြေစိုက် Street Child အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီလိုအခြေအနေမှာ ကလေးတွေရဲ့ ပညာသင်ကြားခွင့်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေက ကြိုးပမ်းနေကြသလို ရပ်ရွာအခြေပြု ကိုယ်ထူကိုယ်ထ ကျောင်းတွေလည်း ပေါ်ပေါက်လာပါတယ်။
ပဲခူးတိုင်း ထန်းတပင်မြို့နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ထိန်းချုပ်နယ်မြေတွေမှာလည်း ၂၀၂၃ ခုနှစ်ကစလို့ စီဒီအမ် ကျောင်းဆရာ ဆရာမတွေ၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့ လည်ပတ်နေတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေ ရှိနေပါပြီ။
စစ်ကိုင်းဘက်မှာ ကျောင်းတွေဖွင့်ထားတာကို လေ့လာခဲ့တယ်လို့ ထန်းတပင် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဒေါ်နီလာဝင်းက ပြောပါတယ်။
“ကျွန်မက အဲဒီကာလမှာ စစ်ကိုင်းဘက်ကို ရောက်သွားသေးတယ် ရောက်သွားတော့ အဲဒီဘက်က ကျောင်းဖွင့်တာတွေကို လေ့လာခဲ့တယ်ပေါ့၊ လေ့လာတော့ ကျောင်းတွေက ကျွန်မတို့လိုပဲ နယ်မြေမလုံခြုံဘူး၊ ဒါပေမဲ့ ပညာရေးကိုလိုက်ပြီး အကောင်အထည်ဖော်တယ်။ အဲဒီမှာ ကျွန်မကြည့်ခဲ့လိုက်ပြီး ကိုယ့်မြို့နယ်မှာ ပြန်လုပ်မယ်ပေါ့။ အဲဒီအချိန်မှာ ကျွန်မတို့မြို့နယ်က အထိုက်အလျောက် စိုးမိုးထားတဲ့နယ်မြေက ဥပမာ ရွာက ၁၅ ရွာ အထက်မှာ ရှိပြီပေါ့၊ ပြန်လာတော့ ဒီကို ကျွန်မရောက်တဲ့အချိန်မှာ ၇ လပိုင်း ၂ ရက်နေ့မှာ ပြန်ရောက်တယ် ပေါ့။ ပြန်ရောက်တော့ ချက်ချင်းတပည့်တွေ အကူအညီနဲ့ စစ်ရှောင်ဒေသမှာ ကျောင်းတွေ စဖွင့်လိုက်တယ်ပေါ့”
ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ ၃၀ မှာ ကျောင်းပေါင်း ၁၆ ကျောင်းရှိပြီး ကျောင်းသားဦးရေ ၂၀၀၀ ကျော်ကို စီဒီအမ် ဆရာ၊ ဆရာမ ၅၆ ယောက်နဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၉၀ ကျော်က သင်ကြားပေးနေပါတယ်။
ကျောင်းလည်ပတ်တဲ့ ကုန်ကျစရိတ်ကိုတော့ ရပ်ရွာက ဝိုင်းဝန်းကူညီကြတယ်လို့ ထန်းတပင်မြို့နယ် ပညာရေး ဘုတ်အဖွဲ့ တာဝန်ခံ ဒေါ်နီလာဝင်းက ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ချိန်မှာ ကျောင်းတွေပိတ်သွားတယ်ဆိုတာမျိုး မဖြစ်အောင် အခက်အခဲတွေကြားကနေ ကြိုးပမ်းနေရတယ်လို့ ဆိုပါတယ်။
“ကျွန်မတို့က အစားထိုးနိုင်ဖို့ကို စီဒီအမ်ကို စုရတယ်၊ စုပြီး ကျွန်မတို့ ဗော်လန်တီယာစု စီဒီအမ်စုပြီး အင်အား ၃၀ ဝန်းကျင်လောက် ရှိတဲ့အခါမှ ကျွန်မတို့ မိကျောင်းခေါင်းကျောင်းကို စစ်ကောင်စီဆီကနေ အင်အားနဲ့သိမ်း လိုက်တယ်။ သိမ်းပြီး အဲဒီကနေ ဝန်ထမ်းတွေကို ဘယ်လိုပြောမလဲ။ ရက်ရက်စက်စက်ပြောရရင် နှင်ထုတ်လိုက်တယ်ပေါ့၊ အဲ့ကျောင်းကိုသိမ်းပြီး တစ်ပတ်နားပြီး စသင်တယ်ပေါ့၊ ဒီလို ကျောင်းတွေ လည်ပတ်နိုင်ဖို့က မလွယ်ပါဘူး။ အထူးသဖြင့် လုံခြုံရေးအပိုင်းပါ။ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေက စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်လေ့ရှိပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ကျောင်းပေါင်း ၁၀၃ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လွတ်မြောက်နယ်မြေက ကိုယ်ထူကိုယ်ထ ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ ပြင်ဆင်ထားသလို ကျောင်သားတွေရဲ့ လုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရတာတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်မှာရှိတဲ့ ဧရာဝတီ တပ်ရင်း ၃ က ရဲဘော်ဖြူဖွေးက ဆိုပါတယ်။
“လက်ရှိမှာ ကျောင်းရဲ့ မနီးမဝေးနေရာတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ လုံခြုံရေးဆောင်ရွက်နေတာတွေရှိသလို ကျောင်းနဲ့ ပူးပေါင်းပြီးတော့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ လေကြောင်းအန္တရာယ် ကာကွယ်ရေးတို့ လက်နက်ကြီးကျရင် ဘယ်လိုနေထိုင်ရမလဲ။ ကျောင်းသားတွေ ဘယ်လို လုပ်ရမယ်၊ ဘယ်လိုကိုင်ရမယ်၊ ဘယ်လို ကတုတ်ကျင်းထဲကို ဝင်ရမလဲဆိုတာကအစ ဆရာဆရာမတွေ၊ အုပ်ချုပ်ရေးတွေ၊ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်ခင်ဗျ”
ဆက်နွှယ်သောသတင်းများ
ချင်းတောင်တိုက်ပွဲတွေကြားက ကိုယ်ထူကိုယ်ထစာသင်ကျောင်း
အမှိုက်ကင်းစင်ရေး ကြိုးပမ်းနေတဲ့ မန္တလေးက အခမဲ့ စာသင်ဝိုင်း
ရန်ကုန်မြို့ လမ်းတွေပေါ်က လေလွင့်ကလေးငယ်တွေအတွက် ရေချမ်းစင် စာသင်ဝိုင်း
ဒါ့အပြင် ထန်းတပင်က ကိုယ်ထူကိုယ်ထကျောင်းတွေအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခုက ဆရာ၊ ဆရာမ အင်အား အားနည်းချက်ပါ။ ထန်းတပင်မြို့နယ်မှာ စီဒီအမ် ဆရာ၊ ဆရာမ ၄၀၀ ကျော်ရှိပေမယ့် ပဋိပက္ခတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြသူတွေ များပါတယ်။
ဒါကြောင့် ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ပညာသင်ပေးဖို့အတွက် စိတ်ဝင်စားတဲ့သူတွေကို ဖိတ်ခေါ်နေရပါတယ်လို့ ထန်းတပင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဒေါ်နီလာဝင်းက ပြောပါတယ်။
“ကျွန်မတို့ဒေသကို လာတဲ့ပညာရှင်အဆင့်ပဲဖြစ်ဖြစ် ပညာရှင်အဆင့်ဆိုတာ စီဒီအမ်ပဲဖြစ်ဖြစ် ဗော်လန်တီယာပဲဖြစ်ဖြစ် ကျွန်မတို့မြို့နယ်ကိုလာပြီး လုပ်ကူမယ်ဆိုရင် စားဝတ်နေရေးမှာ နေစရာပေးမယ် စားစရိတ်တာဝန် ယူပေးနိုင်တယ်၊ ပမာဏအများကြီးတော့ မဟုတ်ဘူး ထိုက်သင့်တဲ့ထောက်ပံ့မှု သိန်းဂဏန်းပေါ့ စစ်မှုထမ်းဥပဒေကြောင့်ပဲဖြစ်ဖြစ် တခြားလုံခြုံရေးအခက်အခဲကြောင့်ပဲဖြစ်ဖြစ် လာခဲ့မယ်ဆိုရင် ကျွန်မတို့မြို့နယ်ဘုတ်အနေနဲ့ ကျွန်မတို့ဒေသအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အမြဲတမ်းဖိတ်ခေါ်ပါတယ် လာခဲ့ဖို့လည်း မေတ္တာရပ်ခံပါတယ်”